Friday, June 26, 2015

မြင်သလို ပြောမယ်

                                            ဓါတ်ပုံ (ဒီဗွီဘီ)
တချို့တွေက ကြံဖန် ဖာထေးတတ်ကြသေးတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအောက်က လွှတ်တော်ထဲမှာ ဝင်ပြီး အဲဒီအခြေခံဥပဒေကို ပြင်မလို့တဲ့။ မဖြစ်နိုင်ပါဘူးလို့ ပြောတဲ့လူတွေကိုတော့ ဂဏန်းသွားတွေတဲ့။ ခု လက်တွေ့မှ သိရပြီဆိုတော့ အချိန်က ၃ နှစ် ကုန်ဆုံးခဲ့ရပြီ။

လွှတ်တော်ထဲက မဲကို ကြည့်ပါဦး ။ အားရစရာကြီးပါတဲ့။ အဲဒါလဲ ခွေးဝမ်းသာအောင် လေလည်ပြတဲ့ အကွက်ဆိုတာ မြင်ကြစေချင်ပါတယ်။ လွှတ်တော်ထဲက တမတ်သား တွေနဲ့ ကြံ့ဖွတ်တွေဟာ အင်မတန် အမိန့်နာခံတတ်ကြတဲ့ စစ်အုပ်စု ဆိုတာ သိထားပြီး စစ်တပ်ရဲ့ သဘောသဘောဝကို သေချာ နားလည်မယ်။ ၂၀၀၈ အခြေခံဥပဒေကို သေချာနားလည်မယ်ဆိုရင် ဒီအကွက်က အင်မတန်ရိုးစင်းပါတယ်။ မထိတထိလေးနဲ့ကြိတ်မနိုင်ခဲမရ ဖြစ်စေပြီး အနိုင်ယူပြလိုက်တာပါ။ ဒီတော့ ဘာများ အားတက်ဖွယ် ဖြစ်ပါလိမ့်။

ရန်သူက အင်မတန်ပြတ်သားပါတယ်။ ချော့လိုက် မြှောက်လိုက်နဲ့ သူတို့လမ်းကို သူတို့ ဆွဲထားတဲ့ လမ်းပြမြေပုံအတိုင်း တချက်မလွဲသွားနေတာပါ။

ဒီလိုပါပဲ။ ပြည်သူက ပြည်သူ့တာဝန်ကျေပါတယ်။ မဲထည့်ဆို ထည့်ပေးကြ။ လက်မှတ်ထိုးဆို ထိုးပေးကြ။ တချို့များဆို လွှတ်တော်ပြင်ပက တိုက်ပွဲတွေနဲ့ပါ အားဖြည့်ပေးခဲ့ကြတာပါ။ သို့သော်လည်း ကိုယ့်လုပ်ရပ်သာ အမှန်။ ငါတို့လျှောက်တဲ့ လွှတ်တော်တွင်းက ဥပဒေပြင်ဆင်ရေးသာ အမှန် ဆိုတဲ့ ငါတကော ကောနေကြတဲ့ နိုင်ငံရေးသမား လို့ ကိုယ့်ဘာသာ ဟန်ဆောင်နေတဲ့ လူတွေကတော့ လွှတ်တော်ထဲမှာတောင် ဒေါက်တာညိုညို သင်းလို ရပ်တည်မပြခဲ့ကြပါဘူး။ လွှတ်တော်ထဲမှာ စကားစစ်ထိုးပွဲတွေ မလုပ်နိုင်ခဲ့ကြပါဘူး။

ဒီသုံးနှစ်အတွင်းမှာ ဒီချုပ်အနေနဲ့ လွှတ်တော်ထဲ ဝင်ပြီး ပြုလုပ်မယ်လို့ ပြောခဲ့တဲ့ အချက် ၃ ချက်စလုံး (အခြေခံဥပဒေပြင်ရေး။ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး) ခုချိန်ထိတော့ ဘာမှမရခဲ့ပါဘူး။ ၂၀၀၈ကို လက်မခံတဲ့ ကျမအနေနဲ့ ဆိုရင်တော့ ဒီအချက်တွေ မရနိုင်ဖူးဆိုတာ အဲဒီကတည်းက ပြောခဲ့ယုံခဲ့ပါတယ်။


လက်တွေ့မှာ အခြေခံဥပဒေ ပြင်ဆင်ဖို့ ၇၅ ရာနှုန်း မရနိုင်ခဲ့ဘူးဆိုတာ လက်ခံလိုက်ကြရပြီ မဟုတ်ပါလား။ ဒီလိုပါပဲ တရားဥပဒေ စိုးမိုးရေးအတွက် လုပ်နိုင်မယ့် အခြေအနေအများဆုံးဖြစ်တဲ့ တရားဥပဒေစိုးမိုးရေး ကော်မတီ ဥက္ကဌ ရာထူးကို လက်ခံလိုက်ပြီးတဲ့နောက်မှာ ဘယ်လိုမတရားမှုတွေ ရှေ့မှာ ပြတ်ပြတ်သားသား ရပ်တည်ပြီး ထောက်ပြဝေဖန်ပေးခဲ့ဖူးလဲလို့လဲ ပါးစပ်ပိတ်စောင့်ကြည့်ခဲ့ဖူးပါတယ်။

နောက် ပြည်တွင်းငြိမ်းချမ်းရေး အတွက် ဘယ်လို လုပ်ဆောင်မလဲ။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ လက်ရှိအာဏာရ စစ်အုပ်စုကြား ဘယ်လိုများ လွန်းထိုးသွားလာ ဖြန်ဖြေပေးမလဲ။ စေ့စပ်ပေးမလား စသဖြင့် မျှော်လင့်ကြည့်မိပါသေးတယ်။ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ ဘယ်လို ဆွေးနွေးဆောင်ရွက် မလဲ ဆိုတာလဲ သတင်းမျှော်ခဲ့ပါသေးတယ်။ ဘယ်သူတွေနဲ့ ဘယ်လို တွေ့ဆုံဆွေးနွေးခဲ့တယ် ဆိုတာကတော့ အများ သိပြီး ဖြစ်မှာမို့ မရေးပြတော့ပါဘူး။

တိုင်းရင်းသား ခေါင်းဆောင်တွေ၊ တိုင်းရင်းသားအရေး ကူညီအားပေးဆောင်ရွက်နေတဲ့ ပုဂိုလ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က လူတွေကို ငါ့လောက်ပညာမတတ် ၊ ငါ့လောက် ဘွဲ့ထူးဂုဏ်ထူးမရ၊ ငါ့လောက် နိုင်ငံတကာ အသိအမှတ်ပြုမှု မရလို့များ သဘောထားခဲ့လေသလား ဆိုတာကိုလဲ ဒီ ၃နှစ်အတွင်းမှာ ကျမ အကြိမ်ကြိမ် တွေးတောမိစေတဲ့ ဖြစ်ရပ်တွေလဲ ကြုံခဲ့ရပါတယ်။

ထို့အတူပါပဲ။ လွှတ်တော်ပြင်ပ နိုင်ငံရေး လှုပ်ရှားသူတွေ၊ တက်ကြွလှုပ်ရှားသူတွေအပေါ် မတရား ဥပဒေတွေ မတရား စွပ်စွဲတဲ့ လုပ်ရပ်တွေမှာလဲ ဥပဒေကြောင်းအရ တရားဥပဒေ စိုးမိုးရေး အနေအထားအရတောင် ရပ်တည်ကာကွယ်တုန့်ပြန်ပြောဆိုတာ မကြားရပါဘူး။

အဲဒါတွေထက် အရေးကြီးတဲ့ ဘာသာရေး အစွန်းရောက်မှုတွေထဲက အမျိုးစောင့် ဥပဒေလို လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာလဲ သင့်တင့်တဲ့ ပြောဆို မှုတွေကို လုပ်သင့်သလောက် မလုပ်ခဲ့ပါဘူး။
အဲဒါတွေနဲ့ တချိန်တည်းမှာပဲ ကျမတို့က ရန်သူလို့ သတ်မှတ်ထားတဲ့ စစ်အုပ်စုနဲ့တော့ ရင်ကြားစေ့ရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လိုအပ်တာထက်ပိုတဲ့ ဆက်ဆံရေးတွေ၊ ထောက်ခံ ပြောဆိုမှု ကို မြင်နေတွေ့နေရပြန်ပါတယ်။
ခုတော့ ဒါတွေဟာ ၃နှစ်တွင်းမှာ ဘယ်လိုအရွေ့တွေကို ရောက်ရှိစေခဲ့ပါသလဲ။
အင်ဒိုနီးရှားက ဖွဲ့စည်းပုံလို တပ်မတော်သား ၂၅ ရာနှုန်းတဖြည်းဖြည်းလျော့ကျသွားဖို့လဲ မလုပ်နိုင်ခဲ့ပါဘူး။ ဖွဲ့စည်းပုံပြင်ဆင်ဖို့ လက်မှတ်ထိုးထားတဲ့ လူငါးသန်းရဲ့လက်မှတ်တွေကို အလဟသ ဖြစ်စေခဲ့ပါပြီ။
အဲလို မလုပ်နိုင်ခဲ့တဲ့အချိန်တွင်းမှာ ဒီချုပ်ရဲ့ မိတ်ဆွေတွေထဲက၊ ရဲဘော်ရဲဘက်ထဲက လူတွေကိုသာ နာကျင်ထိခိုက်မှုတွေ ကြေကွဲကျဆုံးမှုတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ သက်ရောက်စေခဲ့တဲ့ အပြုအမူအရွေ့တွေကိုသာ ကျမကတော့ မြင်ခဲ့ရပါတယ်။
+++++++++++++++++++
အဲဒီလို ဘာမှ လုပ်မရအောင် ရေးဆွဲထားတဲ့ ၂၀၀၈ အောက်ကနေ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD က ဘာမျှော်လင့်ချက်နဲ့ ဘယ်လိုအောင်ပွဲခံချင်သေးလဲ ဆိုတာ ရှင်းရှင်းလင်းလင်း အသိပေးဖို့ လိုအပ်ပြီလို့လဲ မြင်မိပါတယ်။
၁၉၉၀ ရွေးကောက်ပွဲကလို တောင်ပြိုကမ်းပြို နိုင်တဲ့ အခြေအနေ တခုကို ရရှိတယ် ဆိုဦးတော့ အ ခု လက်ရှိအခြေအနေလိုပဲ ဘာပဲ ပြင်ချင်ချင် စစ်တပ် တမတ်သားကို မကျော်လွန်နိုင်သရွေ့ အခုလိုပဲ အရှုံးနဲ့ ရင်ဆိုင်ရမှာပါ။
ဒါဖြင့် ဘာကြောင့် ၂၀၁၅ ကို မျှော်လင့်ချင်ပါသလဲ။
ဘာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က လွှတ်တော်ထဲကို ၀င်ချင်ပါသလဲ။
၂၀၀၈ ဖွဲ့စည်းပုံအောက်က ရွေးကောက်ပွဲကို ယှဉ်ပြိုင်ချင်ပါသလဲ။
ဘာကြောင့် နောက်ထပ် အချိန်ငါးနှစ်ကို အချည်းနှီးဖြစ်စေချင်ကြပါသလဲ။

စစ်အုပ်စုက သူတို့ ရပ်တည်ချက် တပြားသား တဆံချည်မျှင်မျှ အလျော့မပေးဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ဖေါ်ပြပြီးနေရက်နဲ့ ဘာကြောင့် သူတို့နဲ့ လမ်းမခွဲနိုင်ရပါသလဲ။
တဆင့်ချင်း ပြောင်းမှာပါ ၊ ၂၀၁၅ ပြီး ၂၀၂၀ ၊ နောက် ၂၀၂၅ စစ်တပ် တဖြည်းဖြည်းလျော့ကျသွားမှာပါ လို့ မြင်နေသူတွေကိုလဲ ၂၀၁၅မှာလဲ တမတ်သား ဆက်ပါနေတယ် ဆိုတာ မြင်အောင် ကြည့်စေချင်ပါတယ်။
ပြည်သူတွေကို မနာစေချင်တဲ့ လမ်းကြောင်း ဆိုပြန်တော့လဲ လက်ငင်းတော့ မနာဘူးလို့ ထင်စရာ ရှိပေမယ့် မျိုးဆက်နဲ့ ချီနစ်နာနေတာက နှစ်ပေါင်း ဘယ်လောက်လို့ ပြန်မတွက်ချင်ရင်တောင် အနီးကပ်ဆုံး ၃နှစ် အချည်းနှီးဖြစ်ခဲ့ပြီဆိုတာတော့ မြင်စေချင်ပါတယ်။
နောက်ထပ် ငါးနှစ်လဲ ဒီတမတ်သားကို မဖယ်ထုတ်နိုင်တဲ့ အခြေခံဥပဒေအောက်မှာ ဆက်လက်အချည်းနှီးဖြစ်ဦးမှာပါ။
ဒီတော့.....
ကျမတို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့ လိုအပ်ပါတယ်။ အဲဒီအတွက်ပေးဆပ်မှုတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ဒါကို တွန့်ဆုတ်နေမယ်ဆိုရင်တော့ ကျမတို့ရဲ့ မျိုးဆက်သစ်တွေကို စစ်ကျွန်ခေတ်အောက်မှာ ထားရစ်ခဲ့ရပါလိမ့်မယ်။

ဟုတ်ကဲ့။ ကျမက သာမန်ပြည်သူတယောက်ပါ။ ခေါင်းဆောင်ကောင်းနောက်ကို လိုက်ဖို့ မတွန့်တဲ့ နောက်လိုက်ကောင်း ပြည်သူစစ်စစ်ပါ။ ၂၀၀၈ ဖွဲ့စည်းပုံကိုပြတ်ပြတ်သားသား ဆန့်ကျင်မယ့် ခေါင်းဆောင်နောက်ကို ရဲရဲဝံ့ဝံ့ လိုက်ပါ တိုက်ပွဲဝင်ပါ့မယ်။
ကျမ ပုသိမ်သူ ကြည်ကြည်ခင်ပါ။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

1 comment:

Hair Fall Treatment said...

This is very informative Post. I hope Author will be sharing more information about this topic. My blog is all about that Hair Transplant before and after & Hair_Fall_Treatment. To Book Your Service 📞+91-9873152223, +91-9250504810 and be our Happy Client. Click Here for Contact us at Whatsapp no: https://wa.me/919873152223. Address - Vardhman Diamond Plaza, First Floor D.B. Gupta Road Pahar Ganj New Delhi – 110055.