ဒီဇိုင်နာ သီဟမောင်မောင် ရဲ့ ပုံကို ယူသုံးပါသည်၊
မြစ်တစင်းက သူ့ရဲ့
မှီခိုရာ ပင်လယ်ကြီးဆီကို စီးဆင်းအလာ ခိုဝင်ခါနီးလေ တလျှောက်လုံး သယ်ဆောင်လာခဲ့တဲ့
သဘာဝတရားရဲ့ အနှစ်သာရတွေကို မြေကမ္ဘာအတွက် သွန်ချပေးခဲ့လေပေါ့။ အဲဒီလိုနဲ့ သူက
သူ့ကို ဖြတ်သန်းစီးဆင်းခွင့်ပြုတဲ့ နိုင်ငံတခုအတွက် သူ့ကို အားကိုးချစ်ခင်ကြတဲ့ လူသားမျိုးနွယ်တွေအတွက်
ပုံဖေါ်ပေးထားတဲ့ မြစ်ဝကျွန်းပေါ်ဆိုတဲ့ မြေဆီမြေနှစ်တွေနဲ့ စိုက်ပျိုးရေးထွန်းကားရာ
ဒေသကို ဖန်တီးပေးခဲ့တယ်။ မြန်မာနိုင်ငံရဲ့ အဲဒီအဆီအနှစ်များ သွန်အန်ချပေးခဲ့ရာ
မြစ်ဝကျွန်းပေါ် ဧရာဝတီတိုင်းဟာ ကျမရဲ့ ချက်မြှပ်ဇာတိလေးပါ။
မြစ်ကမ်းနဘေးနားမှာ
မွေးခဲ့ပေမဲ့ ကျမသိခဲ့ မြစ်ကလေးနာမည်က င၀န်မြစ်တဲ့။ ဧရာဝတီမြစ်ကြီးက
ပင်လယ်ကြီးဆီခိုဝင်ခါနီး ကိုယ်ပွားချန်ထားခဲ့တဲ့ မြစ်မွှာလေးထဲက နာမည်အကြီးဆုံး
မြစ်ပေါ့။ အဲဒီ မြစ်ကမ်းပါးမှာ ငယ်ဘ၀တွေ ဖြတ်သန်းခဲ့ရတာမို့
ပင်လယ်ကြီးနဲ့မြစ်တွေရဲ့ ချစ်တင်းနှောရာ ဒီရေတက်ချိန်တွေမှာ ရေငန်တွေဝင်လာတတ်တာ၊ အဲဒီလို
ရေငန်ဝင်ချိန်မှာ စားရတဲ့ ပင်လယ်ငါးဆိုတာ လူတွေရဲ့ကျန်းမာရေးကို ဘယ်လို အထောက်အကူအပြုတာ….
မြစ်ဝကျွန်းပေါ် ဆိုတာ မြန်မာနိုင်ငံရဲ့ စပါးကျီဆိုပြီး တင်စားပြောခဲ့လို ဒီဒေသထွက်
ပေါ်ဆန်းမွှေးဆိုတာ ချက်နေရင်းရတဲ့ မွှေးရနံ့မှာတင် ဘယ်ဆန်နဲ့မှ မတူနိုင်တာ စသော
အစရှိသော ထူးခြားချက်တွေ ပြန်ပြောရင် မြစ်ကြီးဧရာဝတီရဲ့ ကျေးဇူးတွေကို
ဘယ်လိုမေ့လို့ ရမှာလဲ ၊ ဘယ်မှာ ကင်းလွတ်နိုင်ပါ့မလဲ။
ခုတော့ မြစ်ရဲ့
ထိပ်ပိုင်း မြစ်ဆုံမှာ ဆည်ကြီးတခုတည်ဆောက်တော့မယ်ဆိုတော့ သဘာဝ ပညာရှင်တွေက
ကြုံတွေ့လာနိုင်တဲ့ အဆိုးအကောင်းအကျိုးအပြစ်တွေ စာတမ်းပြုစုတင်ပြကြသတဲ့၊ အဲဒီထဲမှာ
ပင်လယ်ထဲကို စီးဝင်ခိုတွယ်မဲ့ ဧရာဝတီက ဆည်တည်ဆောက်လိုက်လို့ ရေစီးနှေးသွားရင်
ပင်လယ်ကြီးထဲက ရေငန်တွေက လိုက်ပါ ၀င်ရောက်လာတော့မှာတဲ့။ ဒါဆိုရင် ရေစီးနှေးသွားမယ့် မြစ်ကြီးဆီက သယ်ဆောင်လာ မယ့် မြေဆီမြေနှစ်တွေ မြစ်ဝကျွန်းပေါ်ထိမရောက်လာနိုင်တော့သလို
ပင်လယ်ရေငန်တွေ မထွက်တော့ပဲ ခိုတွယ်နေတော့မယ့် မြစ်ဝကျွန်းပေါ်က စပါးကျီတွေပျက်မယ်၊
ရေချိုငါး၊ ရေငန်းငါးတွေရဲ့
ခိုလှုံနေထိုင်ရာတွေ ပျက်ယွင်းတော့မယ် ၊မြစ်ဖျားက အကျိုးဆက်ကို မြစ်အောက်ပိုင်းက
ခံစားရမှာတွေကလဲ မြစ်ဆုံဒေသနဲ့အကျိုးတူဆက်နွယ်နေတာပါပဲ။ ပင်လယ်ကြီးကရော
ဒီတိုင်းခွင့်လွှတ်နေမယ်လို့ ထင်ပါသလား၊ မြစ်ဧရာကို ဖျက်ဆီးတဲ့အတွက် သူကလဲ
ကလဲ့စားချေဦးမှာပါ။ ဒီတော့ကျမတို့ ဘာလုပ်ကြမှာလဲ။
မြစ်ဆုံမှာ
ရေကာတာတည်ဆောက်မယ့် ဒီ စီမံကိန်းကို၊
မြစ်ဧရာရဲ့ လွတ်လပ်စွာ
စီးဆင်းမှုကို နှောင့်ယှက်ဖျက်ဆီးမယ့် ဒီစီမံကိန်းကို၊
မြန်မာနိုင်ငံရဲ့
တည်ရှိနေမှုကို ချေဖျက်မယ့် ဒီစီမံကိန်းကို၊
မြန်မာလူမျိုးရဲ့
ရပ်တည်မှုကို ပျက်သုန်းသွားစေမယ့် ဒီစီမံကိန်းကို၊
အားလုံးသော
မြန်မာပြည်သူပြည်သားများနဲ့ အတူ ကန့်ကွက်ပါကြောင်း သိစေအပ်ပါသည်။
ဆက်လက်စီးဆင်းနိုင်ပါစေ
မိခင် ဧရာဝတီ၊
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

7 comments:
မြန်မာပြည်ရဲ့စပါးကျီပျက်သုဉ်းမှတော့ မြန်မာလူမျိုးတွေ ငတ်ကြဖို့ပဲကျန်တော့တယ်
ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို ထပ်တူထပ်မျှ ကန့်ကွက်ပါတယ် မမရေ....
မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ထပ်တူထပ်မျှ ကန့်ကွက်ပါတယ် အမရေ၊ ဧရာဝတီမြစ်ကြီး အဓွန့်ရှည် စီးဆင်းပါစေ ...
အမိမြန်မာပြည်နဲ့ဧရာဝတီကိုချစ်မြတ်နိုးကြသူတိုင်း တသွေးတည်း တသံတည်း ကန့်ကွက်နေကြတာကိုတောင်
မသိနားမလည်ချင်ယောင်ဆောင်နေကြတဲ့ ငမိုက်သားများရဲ့ ဇာတ်သိမ်း ကံကြမ္မာလည်း ကောင်းကြမှာမဟုတ်ပါဘူး အစ်မရေ..
ဧရာဝတီ ဆက်လက်ရှင်သန်စေရမယ်။
ဧရာဝတီအတွက် သွေးပွက်ပွက်ဆူရင်းနဲ့ ကန့်ကွက်လိုက်တယ်..
“ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းအား လုံးဝ ကန့်ကွက်ပါသည် ။ ”...
မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်ပါတယ်။
ဧရာဝတီ အမြဲ ရှင်သန်ပါစေ။
ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ကန့်ကွက်ပါတယ်
ဧရာဝတီ ဆက်လက် ရှင်သန်ပါစေ
မြစ်ဆုံဆည်တည်ဆောက်ရေး ကို ကန့်ကွက်ကြမယ်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
I would like to invite you all to come and listen to Myanmar Music at my site. I have many Myanmar Songs and Myanmar Mp3 collected on my site.
Myanmar Online Music: http://www.myanmaronlinemusic.com/
Thanks a lot!
Post a Comment