Friday, September 23, 2011

ခေါင်းစဉ်အောက်က အပြောင်းအလဲများ

အပိုင်း တစ်..
ခုရက်ပိုင်း နားထောင်ဖြစ်တဲ့ သတင်းတွေ ဖတ်မိတဲ့ သတင်းတွေထဲမှာ မိုးမခက ဘဘဦးဝင်းတင်ရဲ့ အပြောင်းအလဲဖြစ်ဖို့ အပြင်အဆင်တွေရှိပြီလား ဆိုတဲ့ စကား ကြိုက်တယ်၊ နောက် ဗွီအိုအေကနေ ရွှေပြည်ကြီးမှာ သတင်းသွားယူခွင့်ရခဲ့တဲ့ ဒေါ်ခင်စိုးဝင်းကို ဦးကျော်ဇံသာက ပြန်ဗျူးထားတဲ့ အင်တာဗျူးလေး တော်တော်ကြိုက်မိတယ်။ သူမြင်ခဲ့ ကြားခဲ့တွေ့ခဲ့တာလေးတွေ ပြန်ပြောထားတာ တကယ့်ကို သတင်းသမားပီသတယ်။

နေပြည်တော်ကြီးက လူမရှိသူမရှိ တဲ့ နေရာကြီး ၊ အဲဒီမှာ ၈လမ်းသွား လမ်းမကြီးနဲ့ကောင်းမွန်လှတဲ့ ပလက်ဖောင်းတွေကို ရန်ကုန်ကို ရွှေ့ပေးလို့ ရရင် ရွှေ့ပေးလိုက်ချင်တယ် ဆိုတာ ဖတ်ရတာ မျက်စိထဲ တန်းမြင်တာပဲ။ နောက် မြစ်ဆုံရေကာတာ ကိစ္စ တွေ့ခဲ့မိသမျှ ဦးဌေးဦး တယောက်ပဲ ထောက်ခံတယ် ဆိုတာ၊ လွှတ်တော် ၂ ရပ်ရဲ့ မီဒီယာပေါ် သဘောထား၊ ပြည်သူလူထုတွေရဲ့ အကြောက်တရား၊ စီးပွားရေး ပိတ်ဆို့တဲ့ ဆန်ရှင်အပေါ် လူထုရဲ့ သဘောထားတွေ သေချာပုံဖေါ်ပြောပြနိုင်တာလေးကို အရမ်းသဘောကျတယ်။ 

 အပိုင်း နှစ်
အဲဒီနောက် ဆက်ပြီး စဉ်းစားမိတာက(စဉ်းစားတိုင်းလဲ အကုသိုလ်တော့
များပါတယ်) မြန်မာပြည်ကြီးထဲမှာ ပြည်သူ့အသံနားထောင်ချင်ပါတယ်၊ ပြည်သူ့ဆန္ဒတွေ ဖြည့်ဆည်းပေးချင်ပါတယ်၊ တရားဝင် လွှတ်တော်ကြီးထဲက တိုက်ပါမယ်ဆိုပြီး ရွေးကောက်ပွဲ ဆန့်ကျင်မှုတွေကို မျက်စိမှိတ် မကြားချင်ယောင်ဆောင်ပြီး အသက်ပေးပြီး တိုက်ပွဲ ၀င်ကြမဲ့ သဏ္ဍာန်တွေနဲ့ ကြံ့ဖွတ်မဟုတ်သော ဒီမိုကရက်များး ။ ကဲ .. ခုတော့ ဘာများ ပြောနိုင်ကြလို့လဲ။ အဆိုတောင် မတင်သွင်းတဲ့ လူတွေ မြင်နေရတယ်။ ဘာမှ မသိလို့ ဟိုမေးဒီမေး တွေကလဲ ရှိသေး။ ဟိုဟာလေး လုပ်ပေးပါဦး ဒီဟာလေး ကဘယ်လိုလုပ်ထားလဲ ထမေးတာကိုပဲ အလုပ်ကြီး ထင်နေကြတာ ကိုး ။ သူတို့ကိုယ် သူတို့ သတင်းထောက်လိုလို ထင်နေသလားမသိ၊ ဘာအကြံပေးတာ ဘယ်လို လုပ်ချင်တယ်ဒါမျိုး မရှိဘူး။ မေးခွန်းလေး ထုတ်လိုက် ဟိုက ဘာပြောပြော ကွန့်မေးဖို့ ကြောက်ပြီး ဟုတ်ကဲ့ ဟုတ်ကဲ့နဲ့  ဟုတ်နေကြတာပဲ။
ဆက်ဖတ်မယ်ဆိုရင် ခေါင်းစဉ် (သို့မဟုတ်) links to this post ကို ကလစ်ပါ
ဒီတော့ နိုင်ငံရေးသမားလို့ ကြွေးကြော်နေခဲ့ နေဆဲ လူတွေ၊
ပြည်သူတွေက တကယ်ပဲ လုပ်ပေးမလား မျှော်လင့်ပြီး ထည့်တဲ့ မဲကိုယူ၊ လွှတ်တော်ထဲ သွားအိပ် ဇိမ်ကျ၊ သတင်းထောက်မေးရမဲ့ မေးခွန်းတခုလောက်မေး ၊ ပြန်လာ ။ တိုင်းပြည်ကြီးကို ဘယ်သို့ဘယ်ညာတွေ ဂတိပေးထားတာတွေ ၊ လူထု ဘာဖြစ်စေချင်တယ် ဘာလိုချင်တယ် မေ့၊ သူတို့ ပြောထားတာတွေ အကုန်မေ့၊ လွှတ်တော်ထဲက အဲဒီ ကိုကိုမမ ဦးကြီး ဒေါ်ကြီးတွေ သူတို့ လုပ်ရမယ့် အလုပ်တွေ တာဝန်တွေ မကျေသမှ လုံးဝမကျေ။
ဒါနဲ့များ ၂၀၀၈ ဥပဒေကို လွှတ်တော်ထဲက ၀င်ပြင်မယ် ဆိုခဲ့သေး။ ခုများ ထိလို့တောင်မရ ဟဟ။ အားလုံးသာ တညီတညာတည်း ရွေးကောက်ပွဲကို သပိတ်မှောက်နိုင်ခဲ့ရင်…..
ထားပါတော့လေ… ခုများတော့ အဲဒီလူတွေ အဲဒီနိုင်ငံရေးသမားတွေ လုပ်ရမဲ့ အလုပ်တွေကို စာနယ်ဇင်းသမားတွေ၊ စာပေပညာရှင်တွေ၊ တေးရေးတေးဆို သရုပ်ဆောင်အနုပညာ သမားတွေ။ သဘာဝထိန်းသိမ်းရေး သမားတွေက တက်တက်ကြွကြွ ရှေ့ဆောင်ပြီး လုပ်လို့၊
သမိုင်းလိုအပ်ချက်အရ ခေါင်းစဉ်အောက်က အပြောင်းအလဲတွေ ဖြစ်မယ်ထင်ပါရဲ့။
အော် တော်တော်ထူးဆန်းတဲ့ တို့နိုင်ငံကြီးပါလား။


စာကြွင်း ခုတလော အငြင်းအခုံဖြစ်နေတဲ့ ပို့စ်တွေကို သဘောကျနေတယ်၊ စနစ်တကျ ဝေဖန်တတ်သလို စနစ်တကျ တုန့်ပြန်တာတွေလဲ ဖတ်ချင်တယ်။ ခေတ်စနစ် တခုအပြောင်းအလဲမှာ လိုအပ်တာတွေပါပဲ။ မျက်စိမှိတ်မယုံချင်ပဲ အကျိုးအကြောင်းနဲ့ မှ လက်ခံချင်သူထဲ ကျမလဲ ပါတယ်။
တချိန်ကျရင်တော့ သမိုင်းဖြစ်စဉ်တွေထဲ မှတ်တမ်းတင်သွားမှာပါ။
မာကီယာဗယ်လီရဲ့ နိယာမတွေ နိုင်ငံရေးသိပ္ပံ သင်တုန်းက အပေါ်ယံပဲ ဖတ်ပြီး သိခဲ့ပေမဲ့ ခု ဇီဇ၀ါဘလော့မှာမှ သေချာ ကျကျနန ဖတ်ဖြစ်တယ်။ 
ချစ်ခင်စွာဖြင့်

3 comments:

စံငြိမ်း said...

မခင်မင်းဇော်လဲ ငြိမ်းချမ်းရေး မြန်မြန်ရပြီး ပြည်တော်
မြန်မြန် ပြန်ရမှာ လန့်နေပုံပဲ။

ခင်မင်းဇော် said...

ကို(ခ) မ စံငြိမ်း
ရှင်အလုပ်လိုချင်ရင် ကျမဆီ လာလျှောက်ထားပါ။ ဆိုလိုချင်တာက ကျမတို့ပြန်ရင် အလုပ်လက်မဲ့ နေစရာအိမ် ရှိမှာမဟုတ်ဘူး၊ ဒါ့ကြောင့် မပြန်ချင်ဘူးလို့ တွေးထားခဲ့ရင် ရှင့်ကိုတောင် အလုပ်သမား ခန့်နိုင်တယ်ဆိုတာ အသိပေးထားတာ။

ချယ်ရီမြေ said...

မြစ်ဆုံရေကာတာစီမံကိန်းအား အပြတ်အသတ်ကို ကန့်ကွက်ပါတယ်.
ဧရာဝတီ ထာဝစဉ်စီးဆင်းနိုင်ပါစေ

ချမ်းမြေ့ပါစေ
ချယ်ရီမြေ