Sunday, April 18, 2010

ဝမ်းနည်းကြောင်းလေး ရေးပေးပါ....





ဗုံးပေါက်ကွဲမှုတွေကနေ သင်ခန်းစာတွေ ယူတတ်ကြဖို့ လိုလိမ့်မယ်လို့ ဖေ့ဘွတ်တွေ လည်ဖတ်ရင်း ဘလော့တွေ လည်ဖတ်ရင်းကနေ တွေးမိသွားတယ်။

တကယ်က ခုသေတဲ့လူတွေကိုကြည့်ပြီး ကျမသနားမိတာက ကျန်တဲ့လူတွေ သနားတာနဲ့ နည်းနည်းကွာခြားမယ်။ ဘယ်လိုကွာခြားလဲ ဆိုတော့ စစ်တပ်ဆိုတာနဲ့ ပေါင်းနေရင်၊ သူတို့ စိတ်ကျေနပ်အောင် မျက်နှာချိုသွေးနေနိုင်ရင်၊ နိုင်ငံရေး ဆိုတာကြီးနဲ့ ဝေးဝေးနေနိုင်ရင် ငါတို့ ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေအတွက် စိတ်ချရပြီလို့ စဉ်းစားထားတဲ့လူတွေ လက်တွေ့ ကျင့်သုံးနေတဲ့လူတွေ အတွက် သူတို့အားထားလေးစားကိုးကွယ် မျက်နှာချိုသွေးနေတဲ့ အဲဒီ ဗွီအိုင်ပီ လူတန်းစားကြီးရဲ့ ဗွီအိုင်ပီ ရေကစားမဏ္ဍပ်မှာ ခုလိုလဲ သေနိုင်တယ် ဆိုတာကို အသက်နဲ့ ရင်းပြီးမှ သိလိုက်ရလို့ပဲ။

ဒီစနစ်ကြီးအောက်မှာ နိုင်ငံရေးမလုပ်ဘူး။ လက်ရှိအာဏာရှိသူနဲ့ ပေါင်းရင် အဆင်ပြေတန်ကောင်းပါရဲ့၊ အသတ်မခံရဘူး၊ အဖမ်းမခံရဘူး၊ ပစ္စည်းတွေအလုမခံရဘူး၊ အခွင့်အရေးတွေတောင်ရမယ်လို့ တွေးပြီး ဘ၀ကို လဲခဲ့ရတဲ့လူတွေပါပဲ။ ဘယ်လောက်မျက်နှာချိုသွေးသွေး မကြည်တဲ့အခါ ဖနောင့်နဲ့ အပေါက်ခံရတတ်တာတွေက ရှေ့မှာ သင်ခန်းစာတွေ ပေးသွားတဲ့ လူတွေ လဲ မနည်းပါဘူး။

စစ်တပ်နဲ့ စစ်ဗိုလ်တွေကို ကပ်စားနေတဲ့လူတွေ ကပ်ဖားလူမျိုးတွေဟာ ခုလို အဖြစ်မျိုးတွေ ခုလိုအခြေအနေမျိုးတွေမှာ ချ စားခံရတတ်တယ် ။ စစ်တပ်ကို ဖားနေလဲ ကိုယ့်ဘ၀မလုံခြုံနိုင်ဘူး ဆိုတာကို ကျန်တဲ့လူတွေ နားလည်စေချင်တယ်။ အဲဒီအသိကို ရစေချင်တယ်။ အဲဒီကနေ တဆင့် နအဖ နဲ့ မပူးပေါင်းပဲ နေဖို့၊သူတို့ ရှိနေတဲ့ နေရာတွေကို မသွားပဲ နေဖို့ ၊ သူတို့ လုပ်တဲ့ ပွဲတွေကို မသွားသင့်ဘူးဆိုတာမျိုးကို စိတ်ပါလက်ပါ ခံစားသိစေချင်တယ်။

ကျမတို့ လူမျိုးတွေကလဲ မေ့လွယ်တတ်ကြသားကလား။ မေတ္တာပို့ လမ်းလျှောက်တဲ့ ဘုန်းဘုန်းတွေကို ကြံ့ဖွတ်တွေ ရဲတွေ စစ်သားတွေ အသားကုန်သယ်ခဲ့တာကို မေ့နိုင်ကြပြီလား။

တကယ်က ဒီဖြစ်ရပ်တွေရဲ့ တကယ့်တရားခံအစစ်ဟာ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းချင်ကြတဲ့ စစ်အာဏာရူးတွေကြောင့် ဖြစ်လာရတဲ့ နောက်ဆက်တွဲတွေပါပဲ။

နိုင်ငံတော်အာဏာကို ရယူထားတဲ့ အာဏာပိုင်အဖွဲ့ကိုယ်တိုင်က တရားဥပဒေအထက်ကနေ တရားမဲ့တဲ့ အကြမ်းဖက်မှုတွေကို ပြုလုပ်ခံထားရတဲ့ တိုင်းပြည်မှာ တရားမျှတမှုတွေ ပျောက်ကွယ်တော့မယ်ဆိုရင် ဒါဘယ်သူ့တာဝန်လဲ။ တိုင်းပြည်ကိုအုပ်ချုပ်သူနဲ့ တိုင်းသူပြည်သားတွေဟာ မိဘနဲ့ သားသမီးဆိုရင်ဖြင့် သားသမီးမကောင်း မိဘခေါင်းဆိုတဲ့ စကားအတိုင်း နအဖအနေနဲ့ မိဘပီသအောင် ကျောသားရင်သား စစ်သားအရပ်သား မခွဲခြားတဲ့ ဆက်ဆံမှုတွေနဲ့ ပြည်သူတွေကို ရင်ဝယ်သားကလေး( မြေးဖိုးလပြည့်ကဲ့သို့) ဆက်ဆံသင့်တယ်ဆိုတာလေးတော့ အကြံပေးချင်ပါသေးတယ်။

တကယ်က ငြိမ်းချမ်းရေးတွေ ရဖို့ ငြိမ်းချမ်းရေး စစ်ပွဲတွေ နွှဲခဲ့ရတယ်ဆိုတာလဲ မမေ့သင့်ပါဘူး။ သမိုင်းဆိုတာ သင်ခန်းစာ ယူစရာတွေချည်းပဲ မဟုတ်လား။ ဖက်ဆစ် စစ်ဘီလူးနဲ့ နာဇီ စစ်ဘီလူးကို စစ်ပွဲတွေနွှဲပြီး ချေမှုန်းခဲ့ရတယ်။ ဒီနေ့ခေတ်မှာ တဖက်နဲ့ တဖက် စကားဝိုင်းပေါ်ရောက်ဖို့ နောက်ခံ စစ်အင်အားတွေပြပြီး ကျုံးသွင်းနေခဲ့ကြတယ်။ စစ်ဗျူဟာတွေ မဟာဗျူဟာတွေကို ခေတ်တိုင်းမှာ စနစ်တိုင်းမှာ ကောင်းသထက် ကောင်းအောင် ကြံဆတီထွင်နေကြရတယ်။ အဲဒီလိုပဲ ခေတ်တိုင်းခေတ်တိုင်းမှာ တရားသောစစ်ဆိုတာတွေ ရှိခဲ့တယ်။ မတရားကျူးကျော်စစ်ဆိုတာတွေ ရှိခဲ့တယ်။ အာဏာရှင်တွေကို တော်လှန်ရေးဆိုတာတွေ ရှိနေဆဲ ဖြစ်တယ်။ မြန်မာ့သမိုင်းမှာ ၁၉၄၈ လွတ်လပ်ရေး ရခါစကတည်းက စခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတွေကရော ဘာနောက်ခံအကြောင်းတွေကြောင့် စခဲ့ရလဲ စတာတွေကိုတော့ ပြန်လည်လေ့လာကြည့်ပြီးမှ ဝေဖန်သုံးသပ်ကြရင်ကောင်းမယ်။

တိုင်းတပါးက ကျူးကျော်လာတဲ့ အင်္ဂလိပ်တွေ ဂျပန်တွေကို လူမျိုးချစ်စိတ်နိုင်ငံချစ်စိတ်နဲ့ ဆင်နွှဲခဲ့ကြရင် ကိုယ့်လူမျိုးချင်း စစ်ကျွန်ပြုနေတဲ့ ၊ နိုင်ငံပိုင် သယံဇာတတွေကို ကိုယ်ကျိုးအတွက် သုံးစွဲနေတဲ့ စစ်ဘီလူးတွေကိုရော နိုင်ငံချစ်စိတ်နဲ့ တော်လှန်သင့်တယ်လို့ မတွေးကြတော့ဘူးလား။ ဒါတွေကို ကိုယ်နဲ့ မဆိုင်ဘူး လို့ သတ်မှတ်ပြီး နိုင်ငံရေးကို စိတ်မ၀င်စားဘူးလို့ ပြောနေကြဦးမလား။ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ဆိုတဲ့ နိယာမအရ တချို့ဖြစ်စဉ်တွေက ဖြစ်လာဦးမှာပဲ ။ ဒါက သဘာဝတရားပဲ မို့ ဘယ်လိုငြင်းပယ်ကြမလဲ။

ဒီခေတ် ဒီစနစ်ကြီးထဲက မလွတ်မြောက်နိုင်သေး သရွေ့တော့ နေ့စဉ်နေ့တိုင်း ၀မ်းးနည်းကြောင်းတွေ ရေးနေကြရဦးမယ်….

စစ်တပ်က ပေါ်တာဆွဲလို့ ပါသွားရင်း သေခဲ့ရသူတွေ…
လုပ်အားပေးဖို့ခေါ်ခိုင်းရင်း သေခဲ့ရသူတွေ…
သူပုန်ရွာလို့ စွပ်စွဲပြီး ရွာလုံးကျွတ်မီးရှို့ခံရတဲ့ ထဲ ပါသွားတဲ့လူတွေ…
ပလိုင်းထဲမှာ နေပြီး တောက်လျောက်ပြေးလွှားပုန်းအောင်းရင်း နေရတဲ့ ပလိုင်းအိမ်ထဲက အစာငတ်အဟာရပြတ်နေတဲ့ ကလေးငယ်တွေ….
မင်းတို့ ငါတို့ကိုအာခံတဲ့ကောင်တွေ တွေ့ကြသေးတာပေါ့ ဆိုတဲ့ စစ်ကြောရေးထဲက ငရဲကို အံကြိတ်ခံစားရင်း ကိုယ်ကျိုးစွန့်ထားသူတွေ……
နိုင်ငံရေးအကျဉ်းသားမရှိဘူးကွ… ဘာအခွင့်အရေးမှမတောင်းနဲ့ …
နေမကောင်းဘူးလားးး ရော့ ပါရာသောက် တဲ့ လူဖြစ်ပေမယ့် လူလိုဆက်ဆံခံရမှု ကင်းမဲ့နေသူတွေ….
သင်္ကန်းဝတ်ပဲ ဖြစ်ဖြစ် ဘာပဲ ဖြစ်ဖြစ် ခု အကျဉ်းသားဖြစ်နေ… သွားရဲဘက် စခန်း တဲ့ …. ရဲဘက်မှာ အသက်လုနေရတဲ့ လူတွေ….
…. …. ……………… လူတွေ
…………………………………လူတွေ
………………………………………..လူတွေ

သူတို့အတွက်လဲ ၀မ်းနည်းကြောင်းလေး ရေးပေးကြပါဦးရှင်။
(ဓါတ်ပုံတွေကို Burma Issues-IDP photos ထဲက ရယူထားပါတယ်။)

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

10 comments:

ဝင်းတင့်ဟန် said...

အမရေ ... သိပ်ချိုချိုသာသာ ပြောမနေနဲ့ ... သူတို့က ပထွေးပြောတဲ့စကားမှ စကားလို့ထင်တာ ...

Anonymous said...

ဗမာပြည်မှာ ၀မ်းနည်းရတဲ့ အဖြစ်တွေ ရက်တွေက များလွန်းတော့ ၃၆၅ ရက်လုံး အလံတိုင်ဝက် ထူရမလိုပါပဲ။


မအယ်

Thiha Kyaw Zaw said...

I'm really sorry for all of them.

Anonymous said...

စစ်တပ်ထဲက လူတွေနဲ့ ပေါင်းပြီး အခွင့်အရေးရလို့  ဘာညာ ကွိကွ ဟိုဟာဒီဟာ လက်ညှိုးထိုးနေတဲ့ သူကိုယ်တိုင် ၊ ဒေါ်လာတွေရလို့  ဟိုလို ဖြစ်လို့  ဒီလို အခွင့်အရေးတွေရလို့  အာပြဲမတတ် ဒီမိုကရေစီအရေးတွေ အော်နေသူပါလားလို့ လက်ညှိုးလေးချောင်း ပြန်ထိုးခံနေရတာကိုတောင် သတိမထားမိအောင် အမှောင်ဖုံးနေတာကိုး၊ သနားတယ်

ခင်မင်းဇော် said...

အော် အနောနီးမတ်က မသနားတတ်သူကိုးးးး
မြန်မာစာတော့ ဖတ်တတ်တယ်မဟုတ်လားးး နားလည်အောင် ပြန်ဖတ်ပါကွယ်...
လာဖတ်ပေးတဲ့အတွက်တော့ ကျေးဇူးတင်ပါတယ်။

htar* said...

အန်တီရေ...လူတွေကလည်း မြန်မာ တပြည်လုံးအနှံ့ နှစ်ပေါင်းဆယ်နဲ့ချီပြီး သေကြေဆင်းရဲနေကြတာကို ကြတော့ ဝမ်းနည်းစကားတွေ ရေးမနိုင်တော့လို့ ထင်ပါရဲ့။ မှန်တာပြောရရင် ဗုံးပေါက်တာကို ကြားတော့ တကယ် စိတ်မကောင်းပါဘူး... သြော်...သူများနိုင်ငံတွေ တိုးတက်ကောင်းစားရေး အပြိုင်အဆိုင်လုပ်နေကြချိန်မှာ တို့နိုင်ငံကတော့ ဗုံးပေါက်ကောင်းတုန်းလို့ တွေးမိပြီး ကိုယ့်နိုင်ငံအတွက် စိတ်ညစ်မိတာရယ်... ပြီးတော့ အစိုးရက လုပ်တာဆိုရင်တော့ " ဘာအကွက်ဆင်ပြီး နိုင်ငံရေး အမြတ်ထုတ်ချင်ပြန်လည်း မသိဘူး" ဆိုပြီး တွေးမိသလို၊ အစိုးရကို ဆန့်ကျင်တဲ့ အဖွဲ့အစည်း တစ်ခုခုက လုပ်တာဆိုရင်လည်း " သူတို့လည်း ပါးကိုက်တော့ နားပြန်ကိုက်ဆိုသလို လက်လှမ်းမီရာ လုပ်တာနဲ့ တူပါရဲ့၊ နေပြည်တော်က လူကြီးတွေ စုနေတဲ့ နေရာလုပ်ရင် ပိုကောင်းမယ်" လို့ တွေးမိပါတယ်။ အခုတလော ဘလော့ဂ်တွေမှာ၊ မျက်နှာစာအုပ်မှာကော
အဲဒီဗုံးသတင်းနဲ့ အပြည့်ပါပဲ။ ထားထားကတော့ ဘယ်သူတွေက လုပ်တာဖြစ်ပြီး ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်လိုက်လို့ လက်တွေ့မြန်မာ့နိုင်ငံရေး
မှာရော ဘယ်လို အကျိုးသက်ရောက်မှုတွေရှိသွားတယ်.. ဆိုတာကိုပဲ သိချင်နေမိပါတယ်။။
ဒီပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ်ရှင်။း)

လေးအိုး said...

အစ်မရေ အနော်နီးမတ်က တစ်မျိုး သူလည်း ဇွတ်ဘဲ ---

ဒေါ်လာ said...

ဗုံးပေါက်လို့ အရေးရယ်အကြောင်းရယ်ဆိုရင် ရဲတွေ၊ မီးသတ်တွေ၊ ကြက်ခြေနီနဲ့ တခြား

ဝန်ထမ်းတွေပဲ အားကိုးရတာ။ သူများတွေပျော်နေချိန်မှာ ပျော်ဖို့၊ ကဲဖို့နေနေသာသာ

ယူနီဖောင်းတောင် မချွတ်ရဘူး တာဝန်ထမ်းဆောင်ရတာ လေးစားဖို့ကောင်းတယ်။

အားအားယားယား ကိုယ်တိုင်လည်း ဘာမှမလုပ်နိုင် လုပ်နေတဲ့လူတွေကိုလည်း

မိန်းမတွေလို မကောင်းထိုင်ပြောနေတာတော့ ဒီမိုကရေစီ သူရဲကောင်း ဘလော့ဂါတွေပဲ

Anonymous said...

Some people inside Burma seek their own advantages by approaching to the SPDC. Some people in boarder area( The people outside Burma who are members from different political organization) seek their own advantages by approching to NGO.If so, what are the different things between them. I think they are the same. Is Ma Ma not a seeker Ma Ma's own advantages by approching to NGO?I really detest not only SPDC but also political organization in boarder area.

JulyDream said...

ဘာပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ်... အပြစ်မဲ့တဲ့သူတွေ ခါးစည်း ခံစားနေရတဲ့ ဒုက္ခတွေအတွက် နားလည်မိပါတယ်။ သူတို့တွေရဲ့ ဘဝလေးတွေ အေးငြိမ်းစေချင်တာကတော့ ရင်ထဲက ဆန္ဒအမှန်ပါပဲ။