Thursday, June 11, 2009

မြန်မာနိုင်ငံ အမျိုးသမီးများနေ့

(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပသော မြန်မာနိုင်ငံအမျိုးသမီးများနေ့)

လာမည့် ဇွန်လ ၁၉ ရက်နေ့ဆိုရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခေါင်းဆောင်၊ ပြည်သူလူထုတရပ်လုံးရဲ့ မျှော်လင့်ခြင်းအလင်းတန်း။ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၄ နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။ အဲဒီနေ့ကိုပဲ မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် ၁၉၉၆ ခုနှစ်ကစလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပခဲ့ပါတယ်။ ဘာ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့ အဖြစ်သတ်မှတ် ကျင်းပခဲ့ပါသလဲ ဆိုရရင်တော့ အံ့ချီးမကုန်နိုင်ဖွယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ကျိုးစွန့်လွှတ်အနစ်နာခံမှုတွေကို တန်းစီချရေးပြရမှာပါပဲ။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် ကျင်းပတဲ့အခါမှာ နအဖအနေနဲ့ တော်တော်လေး အထိနာခဲ့ပါတယ်။ အဲဒီနေ့ အတည်ဖြစ်သွားမှာ စိုးရိမ်တဲ့အတွက် သူတို့ကလဲ အားကျမခံ ရက်တရက်ကို သတ်မှတ်လိုက်ပါတယ်၊ ( အဲဒီရက်ကို သိပေမယ့် ပေထက်အက္ခရာ မတင်ချင်လို့ ထည့်မရေးပါဘူး) ဘယ်သူ့မွေးနေ့ ဘာရည်ရွယ်ချက် ရှိတယ်လို့တော့ သတင်းစာထဲ ရေးထားတာ မတွေ့မိပါဘူး။ ဒီလိုပါပဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အမျိုးသမီးလုပ်ငန်းအဖွဲ့) ရှိတော့ သူတို့ကလဲ အားကျမခံ အမျိုးသမီးရေးရာတဲ့။ သူတို့ကမှ နောက်လိုက်အစစ်၊ သူများလုပ်မှ လိုက်လိုက်လုပ်၊ ပြီးတော့ အစိုးရတဲ့။ သူတို့မို့မရှက်။(ဒါတွေက ကြုံလို့ ထည့်ရေးလိုက်တာပါ။ )

ကျမပြောချင်တဲ့ အဓိကအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ပြည်ပမှာ တခမ်းတနား ကျင်းပပေးနေသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တကယ်လေးစားချစ်ခင်လို့ သူမရှိပဲ သူ့အတွက် မွေးနေ့ကျင်းပတာမို့ ဒီ့ထက် ပိုပြီးအဆင့်မြှင့်လို့ သူ့မွေးနေ့ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ်လဲ အသိအမှတ်ပြုပေးစေချင်တာပါ။ ကြီးမြတ်တဲ့ လူပုဂ္ဂိုလ်တွေကို အစွဲပြုပြီး သူတို့လိုစိတ်ဓါတ်၊ သူတို့လို စွမ်းဆောင်ရည်တွေ ဖြစ်ပေါ်လာစေဖို့၊ သူတို့ရဲ့ ၀ိဉာဉ်တွေ ပူးကပ်စေလိုမှုတွေနဲ့ နေ့ထူးနေ့မြတ် သတ်မှတ်ကြတာပဲ မဟုတ်လား။

ကျမတို့ငယ်ငယ်တုန်းက စာကျက်ခဲ့ကြသလိုပေါ့။ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ တိုင်းပြည်အကျိုးသယ်ပိုးမယ့် နိုင်ငံသားကောင်းမျိုးဆက်သစ်တွေ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဗိုလ်ချုပ်မွေးနေ့ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ထားခြင်းဖြစ်ပါသည်။ ……ဆိုခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ဥာဏ်ပညာ ထက်မြက်သော၊ စိတ်ဓါတ်ခိုင်မာတည်ကြည်သော၊ စွန့်လွှတ်စွန့်စားဝံ့သော၊ ရဲရင့်သော မြန်မာအမျိုးသမီးကောင်းများပေါ်ထွက်လာစေရန် ရည်သန်၍သော်၎င်း။ လူကို မတရား ဖမ်းဆီးချုပ်နှောင်ထားနိုင်ပေမယ့် စိတ်ဓါတ်လွတ်လပ်ရှင်သန်နေသော ဒေါ်အောင်ဆန်းစုကြည်ကို အားကျအတုယူပြီး ဒေါ်အောင်ဆန်းစုကြည်လေးများ ပေါ်ထွက်လာစေရန် ရည်သန်၍ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အား မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ကျင်းပသည်မှာ ပထမအကြိမ် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ချိန် ၁၉၉၆ ခုနှစ်မှ စတင်ခဲ့ပါသည်၊ … လို့ တချိန်ကျရင် ကျမတို့နိုင်ငံတော်သစ်ရဲ့ စာသင်ခန်းတွေထဲမှာ မလွဲမသွေစာအံသံတွေ ပေါ်လာစေချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဆိုတာ
ဒီမိုကရေစီခေါင်းဆောင်…..
လူထုခေါင်းဆောင်….
အမျိုးသားခေါင်းဆောင်….
ဒီလိုဝိသေသတွေက လုပ်ယူလို့မရ။ ကိုယ်တိုင်လုပ်မှ ရရှိပါသည်။
စစ်အာဏာရှင်စနစ်ကတော့ သူတို့ရဲ့ ရုပ်သွင်ကို ရှင်းရှင်းလင်းလင်းပြသနေခဲ့သည်မှာ အကြိမ်ပေါင်းများခဲ့ပြီ။သူတို့မှာ ဆွေးနွေးရန် စကားလုံးမရှိ၊ ဖိနှိပ်ရန် လက်နက်သာ ရှိသည်။ ဒုတိယ လွတ်မြောက်ရေး တိုက်ပွဲကား ပြည်သူတဦးချင်းစီရဲ့ ရှေ့ကိုရောက်ရှိနေလေပြီ။ လူတဦးချင်းစီအား စမ်းသပ်နေလေပြီ။ အာဇာနည်အစစ်တွေကို မွေးဖွားပေးရန် အမိမြန်မာပြည်ကြီးက တောင်းဆိုနေပြီ။ မည်သို့ဖြတ်သန်းကြမည်နည်း။ ဒီမိုကရေစီရရှိရန် ကြိုးပမ်းမှုများတွင် လူတိုင်း ပါဝင်ရန်မသေချာ၊ သို့သော် ဒီမိုကရေစီ ရရှိခဲ့လျှင်ဖြင့် လူတိုင်းခံစားနိုင်မှာ အသေအချာပင် မဟုတ်ပါလော……။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

8 comments:

Sonata Cantata said...

မြန်မာနိုင်ငံ အမျိုးသမီးများနေ့ (ဇွန်လ ၁၉ရက်နေ့)ကို ဂုဏ်ပြုကြိုဆိုလျက်

မီယာ said...

အမရေ အထူးစပါယ်ရှယ် ပို့စ်တခု အမှတ်တရ ရေးပါ။

မဆုမွန် said...

မြန်မာနိုင်ငံအမျိုးသမီးများနေ့ ပို့စ်ကို သေသေချာချာ ဖတ်သွားပါတယ်ရှင်.

ကိုယ့် ငယ်ငယ်က ပုံ ကိုယ်ဘာသာ ပြန် ကြည့်ပြီး တရားရမိပါတယ် ဟီး

တန်ခူး said...

မ ရေ… မြန်မာနိုင်ငံအမျိုးသမီးများနေ့ကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကြိုဆိုဂုဏ်ပြုပါတယ်…

Anonymous said...

ပြည်ပမှာ ရှိနေတဲ့ မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ်ကတော့ ကျင်းပတာ တခါမှ မကြားမိပါလား။

Nge Naing said...

အစ်မရေ- စာလာဖတ်သွားပါတယ်။ စတင်ကျင်းပတာ ၉၆ လား၊ ၉၇ လားမသိမသိဘူး။ ပြင်ပမှာတော့ ပထမ အကြိမ်ကို ကျွန်မတို့ နယ်စပ်မှာ ရှိတုန်းက ချူလာလောင်ကွန် တက္ကသိုလ်မှာ စတင် ကျင်းပပါတယ်။ အဲဒီအချိန်တုန်းက ကျွန်မတို့ BWU က အဲဒီအခမ်းအနားကို နယ်စပ်ကနေ နှစ်ယောက် သွားတက်ခဲ့တယ်။ အဲဒီ ကျင်းပတဲ့နှစ်ကို အကြောင်းပြုပြီး ၂၀၀၀ ခုနှစ် ကျွန်မတို့ တတိယနိုင်ငံကိုထွက်ဖို့ စုစည်းရောက်နေတဲ့ ရမ်ခ်ျဘူရီခရိုင်က မနီလွိုင် စခန်းကို ရောက်နေတဲ့အချိန်တုန်းက 4 နှစ်မြှောက် မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အဖြစ် အမည်ပေးပြီး ကျွန်မတို့ ကျင်းပခဲ့ဖူးတယ်။ ကျွန်မက အစ်မဖေါ်ပြတာ ၉၆ နဲ့ ၉၇ ခုနှစ်များ မှားနေလားလို့ပါ ဒါပေမယ့် ပြည်တွင်းမှာ NLD က တနှစ်စောပြီး ကျင်းပတာကို အကြောင်းပြုပြီး နောက်နှစ်မှာမှ ပြည်ပက စတင်ကျင်းပတာလည်း ဖြစ်နိုင်ပါတယ်။ ဒီပို့စ်လေးအတွက် ကျေးဇူးပါ အစ်မ။ ၁၉ ရက်နေ့ကျမှ တင်ရင် ပိုတောင်ကောင်းသေးတယ်။

သက်ဝေ said...

မြန်မာနိုင်ငံ အမျိုးသမီးများနေ့ကို ကြိုဆို ဂုဏ်ပြုပါတယ်…
အမ ၁၉ ရက်နေ့မှ ရေးမယ်ထင်လို့...

Bellingham TV Repairs said...

Greatt reading this