Friday, July 18, 2008

အာဇာနည်မျိုး သေရိုးမရှိ

ဒီဓါတ်ပုံကို ဒီဘလော့က ရယူထားပါတယ်။

တထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွ တမလွန်
မျက်ရည်ဖြိုင်လို့ ဘ၀င်ညှိုး
ဇူလိုင် တဆယ့်ကိုး...
ငယ်ငယ်တုန်းက ရွတ်ဆိုခဲ့ရတဲ့ ကဗျာ တပိုင်းတစပေါ့။
ဇူလိုင် ၁၉ ရက်နေ့တိုင်း မိုးအုံ့အုံ့လေး (သို့မဟုတ်) ဖွဲဖွဲလေး ဖြစ်နေတတ်တယ်လို့ မိဘတွေက ပြောပြဖူးတာ။
နောက် ကျောင်းတွေမှာ အာဇာနည်နေ့ တို့မမေ့ လို့ ကျောက်သင်ပုန်းကြီးမှာ ရေးလို့ တကျောင်းလုံးက ကျောင်းသားတွေကို ဟောကြီးထဲမှာ စုစည်းလို့ ဆရာတွေက အာဇာနည်နေ့ အဖြစ်အပျက်တွေကို ဟောပြောခဲ့တာ။
နောက်ဇူလိုင် ၁၉ ရက်နေ့ မှာ ကိုယ့်မြို့က လွတ်လပ်ရေး ကျောက်တိုင်ရှိတဲ့ ပန်းခြံထဲမှာ ပန်းခွေသွားချရတာ။
မနက် ၁၀နာရီ ၃၇ မိနစ် ရေဒီယိုက ဥသြဆွဲချိန်မှာ လမ်းလျှောက်နေသူ အိမ်ထဲမှာနေသူတွေပါ မကျန် မတ်တပ်ရပ်လို့ အလေးပြုကြတာ။( ကျမတို့မြို့ဆိုရင် ကမ်းနားက သင်္ဘောတွေ၊ ဆန်စက်တွေအားလုံးကလဲ ဥသြဆွဲပါတယ်)
ဌာန ဆိုင်ရာ အားလုံး၊ ကျောင်းအားလုံး အပြင် ကိုယ့်အသိစိတ်ဓါတ်နဲ့ လာတဲ့ သာမန်ပြည်သူတွေရော တနေ့လုံး မပြတ်ပဲ စည်ကားလွန်းလှတာ...
ဒါတွေကို ခုချိန်ပြန်ပြောပြရင် .. ဟိုး ရှေးရှေးတုန်းကလို့ အစချီစရာ လိုပါ့ဦးမလား..။

၁၉၈၉ ခုနှစ်ရဲ့ အာဇာနည်နေ့မှာ ပင်နီအကျီ င်္တွေဝတ်လို့ ပန်းခွေတွေကို ကိုင်စွဲလို့ စနစ်တကျနဲ့ ပန်းခွေချဖို့ ကြိုးစားကြရင်း အဖမ်းခံခဲ့ရတဲ့ နယ်မြို့လေး တမြို့က ကျောင်းသားလူငယ် ဗကသ အဖွဲ့ဝင်တွေ ရှိခဲ့ပါတယ် ဆိုတာကလည်း ပုံပြင်တပုဒ်မဟုတ်ခဲ့ပါဘူး။

အသက် ၂၀ ၀န်းကျင် ကျောင်းသားကျောင်းသူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လမ်းတလျှောက်မှာ ကြွေးကြော်သံတွေနဲ့ နည်းနည်းမှ မတွန့်ဆုတ်ခဲ့တဲ့ ဒီလူငယ်လေးတွေ ထဲက တချို့ဟာ မပြီးဆုံးသေးတဲ့ တော်လှန်ရေးကြီးထဲကနေ တမလွန်ကို ပျော်ပျော်ကြီး သွားခဲ့ကြတယ်လို့ မထင်လိုက်ကြပါနဲ့။
သူတို့ လိုချင်တဲ့ ဒီမိုကရေစီ ရွှေပြည်သစ်ကြီးကို နောက်ဆံငင်ငင်နဲ့ အသက်ထွက်သွားခဲ့ကြရတာပါ။

သူငယ်ချင်းတို့ ရဲဘော်တို့ရေ...
မင်းတို့လျှောက်ခဲ့တဲ့လမ်းပေါ်မှာ ဘယ်တော့မှ အရှုံးမပေးပဲ ......
ဆက်လက် တိုက်ပွဲဝင်သွားမယ်ဆိုတာကို ....
၆၁ နှစ်မြောက် အာဇာနည်နေ့မှာ ကတိပြုလိုက်ပါတယ်။
(ကွယ်လွန်သွားပြီဖြစ်တဲ့ တိုက်ပွဲဝင်ဖက် ဧရာဝတီတိုင်း ဗကသများ အဖွဲ့ချုပ်က အောင်မျိုးထွေး၊ ကျော်ကျော်ဝင်း၊ လှဌေး(ခ) ဂတီး တို့ကို သတိတရ ဂုဏ်ပြုလိုက်ပါတယ်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

1 comment:

JulyDream said...

ဟိုးရှေးရှေးတုန်းကပေါ့....

မှတ်မှတ်ရရဆို... လွန်ခဲ့တဲ့ နှစ် ၂၀ ကျော် ကာလများကပေါ့...

အခုခေတ်များ ဥသြဆွဲသံ ဆိုတာကို မီးလောင်ပြင် သွားတဲ့ မီးသတ်ကားဆီတောင် မကြားရတာ ကြာလှပေါ့။

ထက်အာကာတခွင် တိမ်တွေအုံ့မှိုင်း... ရင်ထဲမှာ ပကတိ ချစ်ခင် နှမြောတသ စိတ်တွေနဲ့... မနက် ၁၀ နာရီ ၃၇ မိနစ်... မျက်ရည်တွေ ၀ိုင်း... မတ်တပ်ရပ် ငြိမ်သက်...

အခုတော့ ဘယ်မှာလဲ... လွမ်းမောစရာ ရွှေအိုရောင် အတိတ်နေ့စွဲတွေ အထဲမှာ ထည့်ထားလိုက် ရပြီလား။