Wednesday, June 18, 2008

မြန်မာ နိုင်ငံအမျိုးသမီးများနေ့

မြန်မာနိုင်ငံအမျိုးသမီးများနေ့
(၆၃) နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့

လူထုခေါင်းဆောင် ဒီမိုကရေစီခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို မြန်မာနိုင်ငံ အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ကျင်းပလာခဲ့တာ ဒီနှစ် ၂၀၀၈ ခု နှစ်မှာတော့ ၁၂ ကြိမ်မြောက် ကျရောက်လာခဲ့ပြန်ပါပြီ။

ဒီလို မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ကျင်းပတာကို လက်သင့်မခံတဲ့ အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေ ရှိတဲ့အနက် လက်ရှိ နိုင်ငံကို အုပ်စိုးနေသူ မတရား အာဏာရယူထားတဲ့ နအဖ စစ်အစိုးက ထိပ်ဆုံး ရှေ့ဆုံးကဖြစ်နေပါတယ် ။

မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အတည်ဖြစ်သွားမှာ စိုးတာနဲ့ ဇူလိုင်လ ၃ ရက်နေ့ကို သူတို့ က လဲသတ်မှတ်ကျင်းပပါတော့တယ်။ ဒါဟာ တဦးတယောက်တည်းကို ချီးမြှောက်ရတာ မဟုတ်ပဲ တနိုင်ငံလုံးက အမျိုးသမီးတွေကိုလဲ အသိအမှတ်ပြုတာပါလို့ လူကြားကောင်းအောင် ပြောပြီး ဘယ်သူ့မွေးနေ့လို့ မပြောတတ်ပဲ သူတို့သတ်မှတ်ချင်တဲ့ ရက်ကို သတ်မှတ်လို့ ကျင်းပခဲ့ကြပါတယ်။


ကျမကတော့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အကျယ်ချုပ်ပဲ ဖြစ်ဖြစ် ၊ ထောင်ချုပ်ပဲ ဖြစ်ဖြစ် အကျဉ်းကျခံနေသူ အားလုံး နအဖကို တော်လှန်နေဆဲပဲ လို့ လက်ခံသူဖြစ်ပါတယ်။ ဘာ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကိုမှ မြန်မာနိုင်ငံအမျိုးသမီးများနေ့ ကျင်းပတာလဲ လို့ မေးမြန်းသူတွေ နဲ့ လက်မခံနိုင်သေးဘူး လို့ ပြောကြားလာသူ အနည်းငယ်ကို တွေ့မြင်လာရတဲ့အခါ နအဖကို တိုက်နေသူချင်းတူပေမယ့် တွေးခေါ်ပုံတွေ ကွဲပြားခြားနားတယ်၊ လွတ်လတ်စွာသဘောထားကွဲလွဲခွင့် ရှိတဲ့ ဒီမိုကရေစီဆိုတာ ဒါကိုးလို့လက်တွေ့ကျကျ သိနားလည် လိုက်ရတယ်။

ကိုယ့်မွေးနေ့ မဟုတ်တဲ့ မွေးနေ့ပွဲကို ငွေကြေးအချိန်တွေ အကုန်အကျခံပြီး အထိမ်းအမှတ်ကျင်းပ ပေးနေရုံနဲ့ အဲဒီ မွေးနေ့ရှင်ကို တကယ်ဂုဏ်ပြုရာ ရောက်ရဲ့လား ဆိုတာကိုလည်း တဆက်တည်း တွေးမိသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွန့်လွှတ်အနစ်နာခံမှုကို ချီးကျူးကြသလို၊ မလျှော့သောဇွဲ ကိုဂုဏ်ပြုကြသလို ၊ကမ္ဘာကလည်း ငြိမ်းချမ်းရေး နိုဘယ်လ်ဆုအပါအ၀င် ဆုပေါင်း (၈၀) ကျော် ချီးမြှင့်ပြီး အားပေးခဲ့ပါတယ်။ ထို့အတူပဲ သူမလို ဇွဲသတ္တိနဲ့ အနစ်နာခံမှုတွေနဲ့ တိုင်းပြည်အတွက် အလုပ်လုပ်မယ့် လူမျိုးတွေ မွေးဖွားလာစေဖို့၊ သူမကို အတူယူစေဖို့ ကျမတို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ကို မွေးနေ့ပွဲအပြင် မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် သတ်မှတ် ကျင်းပခဲ့ကြတာပါ။ အဲဒီအတွက်လဲ နအဖ အနေနဲ့ လုံးဝ လက်မခံနိုင်တွေ ဖြစ်ပြီး သူတို့မှာ မရှိသေးတဲ့ အဲဒီမြန်မာနိုင်ငံအမျိုးသမီးနေ့ကို လိုက်လံကျင်းပနေတာက အထင်အရှားကြီးပါပဲ။

ဒီလိုနအဖ လိုက်လံ ဖျက်ဆီးဆန့်ကျင်နေတယ် ဆိုကတည်းက သူတို့ ထိခိုက်သွားတယ် သူတို့ ဒီပွဲမှာ ကျမတို့နောက်က လိုက်ခဲ့ရတယ် ဆိုတာ အမှန်အကန်ဖြစ်ခဲ့ပါတယ်။

အရှည်အကျယ် ရှင်းပြတာတွေ မလုပ်ချင်တော့ပါဘူး။ ဒါပေမယ့် ကျမတို့အပါအ၀င် အမျိုးသမီး အဖွဲ့အချို့၊ နိုင်ငံရေး အင်အားစု အချို့ကတော့ နှစ်စဉ်နှစ်တိုင်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့ အဖြစ် ဆက်လက် ကျင်းပနေဦးမယ် ဆိုတာလဲ မလွဲမသွေပါပဲ၊ မနက်ဖြန် ကျင်းပမယ့် အခမ်းအနား ဓါတ်ပုံများကို ဆက်လက်တင်ပေးပါမယ်။

(လွတ်လပ်စွာ သဘောထားကွဲပါတယ်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

2 comments:

s0wha1 said...

သမီးကတော့ သဘောတူတယ်...

Nge Naing said...

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို မြန်မာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်နိုင်ဖို့ စတင်မကျင်းပခင် တနှစ်ကြိုတင်ပြီုး Alternative Asean Network on Burma မှ ဦးဆောင်ပြီး ကန့်ကွက်သူမရှိပါက လာမည့်နှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အဖြစ်သတ်မှတ်ဖို့ အင်တာနက်မှာ ကြော်ငြာခဲ့ပါတယ်။ တနှစ်ပြည့်တဲ့အထိ တစုံတဦးတယောက်ဆီကမှ ကန့်ကွက်အ ကြောင်းကြားခြင်းမရှိခဲ့လို့ မြန်မာ့အမျိုးသမီးသမဂ္ဂနဲ့ တိုင်းရင်းသားအဖွဲ့က အမျိုးသမီးကိုယ်စားလှယ်တချို့ ပါဝင်ပြီး ၁၉၉၇ မှာ စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ကျင်းပခဲ့ပြီးမှ ကန့်ကွက်အသံတချို့ကို ကြားခဲ့ရပါတယ်။ ဒါပေမယ့် ကန့်ကွက်ချင်တဲ့သူတွေက စောစောကတည်းက မကန့်ကွက်ပဲနဲ့ နောက်မှ ကန့်ကွက်တယ်လို့ ပြောလာတာကိုတော့ ထည့်တွက်စရာလိုမယ်မထင်ဘူး။ စတင်သတ်မှတ်ကတည်းက တနိုင်ငံလုံးမှာ ရှိတဲ့တိုင်းရင်းသား အမျိုးသမီးတွေ အကုန်လုံးတွက် ကိုယ်စားပြုမှုကို ရည်ရွယ်ပြီး မြန်မာလိုနဲ့ “ မြန်မာနိုင်ငံ အမျိုးသမီးများနေ့” အင်္ဂလိပ်လိုနဲ့ “ Women of Burma day” လို့ သုံးပါတယ်။ မြန်မာ့အမျိုးသမီးများနေ့ ဒါမှမဟုတ် Burmese Women’s day လို့ မသုံးခဲ့ဘူး။ ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဟာ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ဆိုတာ အတည်ဖြစ်ပါတယ်။