Monday, December 31, 2007

Benazir Bhutto သေဆုံးခြင်းနှင့် ပတ်သက်၍


ဘင်နာဇာဘူတို လုပ်ကြံခံရလို့ သေပြီတဲ့။
ဒီသတင်းကြားခါစက မင်သက်မိသွားတယ်။ အသက် ၃၅ နှစ်မှာ ပါကစ္စတန်ရဲ့ ၀န်ကြီးချုပ်ဖြစ်ခဲ့သူ။ သူက ဟားဗတ်တို့ အောက်စဖို့တို့မှာ ပညာသင်ကြားခဲ့ရသူ။ ဒါပေမယ့် သူ့ရဲ့ ထက်မြက်မှုကို သူ့အဖေ ကြိုးပေး ခံရပြီးနောက် ၁၁ နှစ်အကြာ ၁၉၈၈ မှာ ကမ္ဘာက မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပြီ။
၁၉၉၀မှာ သူမရဲ့ အောင်မြင်မှုများကို လာဘ်စားမှုဆိုတဲ့ ပြစ်ဒဏ်နှင့် အစိုးရဖျက်သိမ်းခဲ့ပြန်…
ဒါမဲ့ ၁၉၉၃ ခုနှစ်ရွေးကောက်ပွဲမှာ သူမ ဦးဆောင်တဲ့ပါတီကပဲ အနိုင်ရခဲ့ပြန်…
ဝန်ကြီးချုပ် နောက်တခါ ထပ်ဖြစ်ပြန်….
ဒီတခါမှာတော့ သမ္မတက လက်မခံချင်တော့ပဲ လာဘ်စားမှုနဲ့ တရားစွဲ အစိုးရကို ဖျက်သိမ်း တပည့်ကို ၀န်ကြီးချုပ်ခန့်ပစ်လိုက်တော့တယ်။
ယူအေအီးလို့ ခေါ်တဲ့ ယူနိုက်တက်စော်ဘွားနိုင်ငံမှာ ၇ နှစ်ကျော် နေထိုင်ရင်း …
စေ့စပ်ညှိနှိုင်းမှုတွေအများကြီး အဆင့်ဆင့် ကြားကနေ သူမရဲ့ ပြည်တော်ပြန် ခရီးစ စချင်းမှာ လူပေါင်း ၁၄၁ ဦးသေဆုံးခဲ့တဲ့ ဗုံးဖောက်ခွဲမှုကို ကြုံတွေ့ခဲ့ရပါသေးတယ်။

ခုတော့ ၁၉၈၈ က ကမ္ဘာ့အလှဆုံး အမျိုးသမီး ၅၀ ထဲမှာ ပါခဲ့ဖူးတဲ့..
နိုင်ငံတခုရဲ့ ၀န်ကြီးချုပ် တာဝန် ၂ ကြိမ်တိုင်ရရှိထမ်းဆောင်ဖူးတဲ့…
ကလေး ၃ ယောက်ရဲ့ မိခင် …
ခုလာမယ့်ရွေးကောက်ပွဲမှာ မဲအများဆုံးရရှိဖို့ အလားအလာ အကောင်းဆုံး …
ပါကစ္စတန်က စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ပေးမယ့် မျှော်လင့်ခြင်းရောင်ခြည်….
သူမကတော့ သူမဖခင်ဘေးက မြေကွက်လပ်မှာ ဆိတ်ငြိမ်စွာ လဲလျောင်းသွားခဲ့ပြီ..

ကျမ မျက်စိထဲမှာတော့ ..
သူမ အဖေ ကြိုးပေးကွပ်မျက်ခံရတာ…
သူမ သေနတ်နဲ့ ဗုံးနဲ့ အကြမ်းဖက် သတ်ဖြတ်လုပ်ကြံခံရတာ……..
အဲဒါနဲ့အတူ ….
ခု သူ့ရဲ့ ၁၉ နှစ်အရွယ်သားလေးက သူမပါတီရဲ့ ဥက္ကဌ လုပ်မယ်တဲ့…

တဆက်တည်း မြင်နေရပြန်တယ်…
အိန္ဒိယ က အင်ဒရာဂန္ဓီ…
သူမရဲ့သားငယ် ဆန်ဂျေး ဂန္ဓီ..
နောက်သားကြီး ရာဂျစ်ဂန္ဓီ… သူတို့တွေ ရဲ့ သေဆုံးခဲ့ရခြင်းတွေ…
အပြောကျယ်လှတဲ့ ဒီလောကကြီးထဲက…
သေဆုံးခြင်းတွေမှာ အဓိပါယ် ရှိမှာပါ….
နိုင်ငံကို တိုးတက်စေချင်သူတွေ နဲ့ အာဏာကို မက်မောသူတွေကြားထဲက ကွာဟချက်တွေ..
အစွန်းရောက်မှုတွေ…..
အားလုံးထဲမှာ… ခိုင်မာတဲ့ ယုံကြည်ချက်… ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေက …
နောက်မတွန့်တဲ့ ခြေလှမ်းတွေကို ဖြစ်ပေါ်စေတယ် ထင်ပါရဲ့….
ခုတော့…. သူမ က အေးချမ်းသွားခဲ့လေပြီ…
ဒါပေမဲ့ ပါကစ္စတန်ပြည်သူတွေကတော့……

ပါကစ္စတန်နိုင်ငံကို ဒီမိုကရေစီရအောင် လုပ်ဆောင်ခြင်းဟာ အာဏာရှင်စံနစ်ကို အကောင်းဆုံး လက်စားချေခြင်းပဲ တဲ့။

ပါကစ္စတန်ပြည်သူ့ပါတီ ခေါင်းဆောင်သစ်ဖြစ်တဲ့ သားဖြစ်သူရဲ့ ပထမဆုံး မိန့်ခွန်းထဲမှာ သွားလေသူသူ့မိခင် အမြဲပြောနေကျ စကားလေးကို ပြန်ပြောပြခဲ့တာပါ။ သူ့မိခင် ရည်မှန်းခဲ့တဲ့အတိုင်း ပါကစ္စတန်နိုင်ငံကို ဒီမိုကရေစီနိုင်ငံဖြစ်အောင် ကြိုးစားသွားမယ်လို့လည်း အောက်စဖို့ဒ်ကျောင်းတော်သား ၁၉နှစ်အရွယ် လူငယ်လေးက ပြောသွားပါသေးတယ်။

ပါကစ္စတန် နိုင်ငံရေးလောကရဲ့ စစ်အာဏာရှင် တိုက်ဖျက်ရေးမှာ ဘူတိုမျိုးဆက်ဟာ အဘိုး အမေကနေမှတဆင့် မြေးအထိ လက်ဆင့်ကမ်းခဲ့ပါပြီ။

ဘာကြောင့်မှန်းတော့ သေသေချာချာ မဝေခွဲတတ်ပေမယ့် ဘင်နာဇာဘူတို သေဆုံးမှုဟာ ကျမရင်ကို တော်တော် မသက်မသာ ဖြစ်စေခဲ့ပါတယ်။ ဖြစ်နေခဲ့ပါတယ်။

ကျမဘာတွေကို ဆက်စပ်စဉ်းစား ပူပန်မိနေတာပါလိမ့်.. ဘုရား ဘုရား မဖြစ်ပါစေနဲ့။ မဖြစ်လာပါစေနဲ့ လို့ (ဒီတခါတော့ မိန်းမဆန်ဆန်) ဆုတောင်းမိယုံမှတပါး ကျမကကော ဘာများတတ်နိုင်ပါဦးမည်နည်း။ ။

1 comment:

ငစနေ said...

သူကွယ်လွန်တာကို အရမ်းပဲ စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမယ့် စဉ်းစားမိတယ်။ အဲဒီတုန်းကသာ သူ ကားအမိုးပေါက်ကနေ ကိုယ်တစ်ပိုင်းထွက်မနေရင် သေမှာမဟုတ်ဘူးလို့။ ကားက အထူးစီစဉ်ထားတဲ့ ကျည်ကာကားလေ။ သူရောက်တဲ့နေ့ကလဲ အဲဒီလိုပဲ ဘတ်စ်ကားအမိုးပေါ်တက်နေတာ သူဆင်းဆင်းခြင်းပဲ မိနစ်တောင် မခြားဘူး ဗုံးပေါက်တာ။ အဲဒီနေ့ကသာ ၁၅ စက္ကန့်လောက် အပေါ်မှာ ဆက်နေလိုက်ရင် အဲဒီတုန်းကတည်းက သေတယ်။ အသက်ကို ဥာဏ်စောင့်တယ် ဆိုတဲ့စကား တယ်မှန်တာပဲ။