Monday, November 5, 2007

ပြန်လည်မျှဝေခြင်း

စာတွေမရေးဖြစ်အောင် စိတ်တွေကျနေချိန်မှာ အဟောင်းလေးတွေကို ဇော်ဂျီဖောင့်ပြောင်းရင်း ပြန်ဖတ်နေချိန် ဒီထဲက စာလေးတွေကို တင်ပေးဦးမယ်ဆိုတဲ့ စိတ်ကူးပေါ်လာပါတယ်။ ဒါနဲ့ ဒုက္ခသည်စခန်းတခုကို ၂၀၀၅ ခုနှစ်က ရောက်ရှိခဲ့ပြီး သူတို့ဆီကကျောင်းတွေကို လိုက်လည်ရင်း၊ အဲဒီအချိန်က စိတ်ခံစားချက်ကို ခုလို စာတပုဒ်ရေးဖြစ်ခဲ့တာလေး မျှဝေတင်ပေးလိုက်ပါတယ်။

“ပညာ ရေကြည်တစ်ပေါက် သောက်ခွင့် ကြုံစေချင်”

မဲဆောက်မြို့ကနေ ကားနဲ့သွားရင်း သိပ်မဝေးတဲ့ ခရီးလေး တခုပါ။ ဒါပေမဲ့ အလုပ်သမား လက်မှတ်၊ နေထိုင်ခွင့် လက်မှတ်၊ ထောက်လှမ်းရေးလက်မှတ် ဘာမှ မရှိခဲ့ရင်တော့ ရောက်ဖို့မလွယ်တဲ့ ခရီးဝေး ဒေသလေးပါပဲ။ ဒါပေမဲ့ အဲဒီလက်မှတ်တွေ ဘာမှ မရှိပဲ အဲဒီဒေသလေးကို မထင်မှတ်စွာ ရောက်ရှိခဲ့တာကတော့ ကရင့် လက်နက်ကိုင်တော်လှန်ရေး အခမ်းအနား ကို တက်ရောက်ခွင့် ရရှိခဲ့တာကြောင့်ပါပဲ။ အဲဒီနေရာလေးကတော့ ထိုင်းနိုင်ငံဆိုပေမဲ့ ဗမာပြည်ဖွား တိုင်းရင်းသားတွေ လာရောက်နေထိုင်နေတဲ့ ကရင်လို ဘဲကလော့ ၊ ထိုင်းလို မယ်လ လို့ခေါ်တဲ့ ဒုက္ခသည်စခန်းတခုပါပဲ ။ ဒီဒုက္ခသည်စခန်း ဒီနေရာလေးမှာ တည်ရှိနေတာ နှစ်ပေါင်း သုံးဆယ် ကျော်နေပြီတဲ့။ ဗမာပြည်ရဲ့ ပြည်တွင်းစစ်တွေက ပေါက်ဖွားလာခဲ့တဲ့ ဒုက္ခသည်တွေနေတဲ့ စခန်းလေးမှာ နိုင်ငံပျောက်နေတဲ့ ပြည်သူတွေ၊ ဘယ်နိုင်ငံမှ မသွားချင်ဘူး၊ ကိုယ့်နိုင်ငံ ကိုယ့်မြေ ကိုယ့်ချက်မြှုပ်ရာပဲ ပြန်ချင်ပါတယ်ဆို တဲ့ ကရင်အဖွားအို တယောက်ရဲ့ စကားသံ ကိုတော့ နားနဲ့မဟုတ်ပဲ နှလုံးသားနဲ့ နားထောင်ခဲ့ရပါတယ်။

ရောက်လက်စနဲ့တော့ ခပ်ကြာကြာလေး နေပါရစေလို့ တာဝန်ခံ ခေါ်တဲ့သူတွေကို တောင်းပန်ပြီး သူများတွေ ပြန်ပေမဲ့ မပြန်သေးပဲ စခန်းထဲမှာ နေရစ်ခဲ့ဖြစ်တယ်။ တောင်ခြေလေးမှာ တည်ထားတဲ့ ရှည်မျောမျော စခန်းလေးဟာ ဆေးရုံ ၊ စာသင်ကျောင်း ၊ ဗုဒ္ဓဘုန်းကြီးကျောင်း၊ ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်း ၊ ဈေး၊ စခန်းရုံး တို့နဲ့ နေမယ်ဆိုရင် နေပျော်စရာလေးပါပဲ။ ဒုက္ခသည် ဆိုတော့ ဆန် ၊ ဆီ၊ ဆား၊ မီးသွေး၊ ပဲ စတဲ့ အခြေခံ စားသောက်ကုန်တွေကလည်း အချိန်တန် ရလာတာပါပဲ။ ရောက်နေတဲ့နေ့က ဆန်ထုတ်တဲ့နေ့နဲ့ ကြုံတော့ တပုံးစာ၊ နှစ်ပုံးစာ ဆန်အိတ်တွေကို ရွက်သွားကြတဲ့ မိန်းမတွေကို တွေ့ရပါတယ်။

အဲဒီအခါ ဗမာပြည်က လူထုအများစုကြီး ဆန်ကို အဲဒီလို ၀ယ်မစားနိုင်တော့တာကို ပြေးပြီး သတိရလိုက်မိတယ်။မိုးမလင်းခင် ဒါမှမဟုတ် မိုးလင်းတာနဲ့ မနေ့က ပိုချက်ထားတဲ့ ထမင်းကြမ်းကို ငါးပိရည်အကျန်နဲ့ နယ်ဖတ်စားပြီး တနေ့တာ ခရီးကို ရုန်းကန်ဖို့ အစပျိုးကြရတာပါပဲ။ တနေ့လုံး ပင်ပင်ပန်းပန်း လုပ်ကြရပြီး ညနေ အိမ်ပြန်ချိန်ကျမှ လက်ထဲက ပိုက်ဆံနဲ့ ဆန်အပါအ၀င် ဟင်းစား ငါးပိ တို့စရာ ၀ယ်ခဲ့ရတယ်။ သူတို့ တနေ့ရတဲ့ ပိုက်ဆံဟာ တနေ့ စားစရိတ်နဲ့ လောက်ငှရုံသာပါပဲ။ ကျောင်းတက်တဲ့ ကလေးရှိလို့ကတော့ ကြွေးတင်ပြီသာ မှတ်ပေတော့။ ကိုယ့် ကလေးကို စာမတော်စေချင်တဲ့ မိဘတွေ ရှိတယ်ဆိုရင် ယုံကြပါ့မလားတောင် မသိပါဘူး။ တကယ်တော့ ဒါအမှန်ပါ။ စာမတော်လို့ ကျောင်းထုတ်ပြီး အလုပ်လုပ် ခိုင်းရင် သူ့တ၀မ်းတော့ ၀အောင်ကျောင်းနိုင်မှာပေါ့။ လဖက်ရည်ဆိုင်တို့ ၊ ကုန်စုံဆိုင်တို့မှာ ဈေးကူရောင်းတဲ့ ကလေးတွေဟာ အဲလိုမျိုး ကလေးတွေပါ။ မနက်စာ ထမင်းကျေး တနေ့ ၁၀၀ ကျပ်၊ တချို့ ၁၅၀ ကျပ်နဲ့ လုပ်နေကြရတဲ့ ကလေးလုပ်သားလေးတွေ ပေါ့။ စာတော်တဲ့ ကလေးကျတော့ ကျောင်းထုတ်ဖို့ ခက်ပြီလေ။ ပတ်ဝန်းကျင်က ၀ိုင်းပြောမှာ၊ ဆရာမတွေ ၀ိုင်းပြောမှာထက် စာကို စိတ်ဝင်စားတဲ့ စာတော်တဲ့ ကိုယ့်ကလေးအတွက် ယူကြုံးမရတွေ ဖြစ်ပြီး မိဘတွေ ဆုံးဖြတ်ရ ခက်စေတယ်။

အဲဒီလိုနဲ့ ကျောင်းတက်တဲ့ကလေးတွေထဲက ၃၅ ရာခိုင်နှုန်းဟာ မူလတန်းကျောင်းကနေ အလယ်တန်းကို ပြောင်ရွှေ့ ပညာသင်ကြားဖို့ မပြောင်းနိုင်ပဲ ကျန်ခဲ့ရတယ်။ အလယ်တန်းကျောင်းကနေပြီးတော့ ၇၅ ရာခိုင်နှုန်းဟာ အထက်တန်း ပညာကို ပြောင်းရွှေ့ပညာသင်ကြားဖို့ မတတ်နိုင်ကြလို့ ပညာရေးကို ကျောခိုင်းကြရတော့တယ်။ စားဝတ်နေရေး ၀ဲဂယက်ထဲမှာ အရွယ်မတိုင်မီ မိဘတွေနဲ့ အတူရုန်းကန်နေရတဲ့ ကလေးအလုပ်သမားလေးတွေ တွေ့တိုင်း ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကုလသမဂ္ဂ ကထုတ်ပြန်ပြဌာန်းတဲ့ ကလေးအခွင့် အရေးဆိုင်ရာ သဘောတူညီချက်တွေကို အမှတ်ရလာစေပါတယ်။

အဓိက အခွင့်အရေး လေးချက်ဖြစ်တဲ့ အသက်ရှင်ရပ်တည်ခွင့်အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာအခွင့်အရေး၊ ကာကွယ်မှုဆိုင်ရာ အခွင့်အရေး၊ ပါဝင်ဆောင်ရွက်မှုဆိုင်ရာ အခွင့်အရေး တွေဖြစ်ပြီး အဲဒီထဲက ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အရေး ခေါင်းစဉ်အောက်မှာ ပညာသင်ကြားခွင့် ၊ အားကစားနှင့် အပန်းဖြေအနားယူခွင့်တွေ ပါဝင်ပါတယ်။

ဗမာပြည်ထဲက ကလေးများအနေနဲ့ ဒီကလေးအခွင့် အရေးတွေကို ဘယ်နှစ်ရာနှုန်းလောက် ရကြပါသလဲ။ ပညာသင်ကြားခွင့် မရကြတဲ့ ကလေးတွေရဲ့ အနာဂါတ်နဲ့ အဲဒီကလေးတွေ ကြီးပြင်းလာတဲ့အခါ ဗမာပြည်ကြီးရဲ့ အနာဂါတ်ကရော၊ အဲဒါတွေ စဉ်းစားရင်းနဲ့ တဆက်တည်း ဒုက္ခသည်စခန်းထဲက ပညာရေးကို လေ့လာကြည့်မိပြန်ပါတယ်။

မယ်လစခန်းထဲမှာ ၃ နှစ်ကနေ ၅ နှစ်ထိ တက်ရတဲ့ မူကြိုကျောင်းပေါင်း ၂၁ကျောင်း ရှိပါတယ်။ အခြေခံမူလတန်းကျောင်း အဖြစ် (၁၄) ကျောင်း၊ အလယ်တန်းကျောင်း (၄)ကျောင်း၊ အထက်တန်းကျောင်း (၅)ကျောင်းနဲ့ ကျမ်းစာသင်ကျောင်း (၁)ကျောင်း၊ စက်မှုအတတ်ပညာသင်တန်းကျောင်း E.S.P (Engineering study Program) (၁)ကျောင်း၊ ဆရာဖြစ်သင်တန်းကျောင်းT.P.C (Teacher Preparation Couse) (၁)ကျောင်း ရှိပြီး FSP(Funter Study Program)၊ LMC(:Leadership and Managent couse) စတဲ့ သင်တန်းကျောင်းတွေလည်း တစ်ကျောင်းစီ ရှိပါသေးတယ်။

အဲဒီကျောင်းတွေမှာ မြန်မာစာ၊ အင်္ဂလိပ်စာနဲ့ ကရင်စာတွေကို အများအားဖြင့် သင်ကြရပြီး တချို့ကျောင်းတွေကတော့ ထိုင်းစာကိုပါ ထည့်သွင်း သင်ကြားပေးပါတယ်။ တကယ်လို့ ကိုယ့်ကလေးက အင်္ဂလိပ်စာ တော်နေပြီဆိုရင် အင်္ဂလိပ်ကို အဓိက ထားသင်တဲ့ မစ်ရှင် ဘော်ဒါကျောင်းတွေကို ၀င်ခွင့် ဖြေပြီး ပြောင်းရွှေ့ထားမယ်ဆိုရင် နိုင်ငံခြားထိ ပညာတော်သင်သွားခွင့် ရှိပါတယ်။ အထက်က ကျောင်းတွေ အကုန်လုံးဟာ မယ်လ ဒုက္ခသည်စခန်းထဲမှာပဲ ရှိနေတာပါ။

စခန်းမှာ ရပ်ကွက် အေ၊ ဘီ၊ စီ ဆိုပြီး သုံးခုရှိပါတယ်။ စုစုပေါင်းကျောင်းသား ဦးရေ (၁၃၅၆၉)ဦးရှိပြီး ဆရာ ဆရာမပေါင်းက (၅၂၈)ဦး ရှိပါတယ်။ သင်ကြားရေး အထောက်အကူပြု ပစ္စည်းတွေ၊ ကျောင်းသုံး စာအုပ်၊ ခဲတံအားလုံးက နိုင်ငံခြား အထောက်အပံ့တွေ ချည်းပါပဲ။ စက်မှုသင်တဲ့ကျောင်းမှာဆိုရင် ကွန်ပျူတာတွေကို ဖြုတ်လိုက်၊ တပ်လိုက် နဲ့ အထဲက အစိတ်အပိုင်းတွေကို လက်တွေ့ကျကျ သင်ပေးနေတာတွေလည်း တွေ့ခဲ့ရပါသေးတယ်။ ကလေးတွေ အကုန်လုံးဟာ ဘယ်နေရာမှာရောက်နေနေ ပညာသင်ကြားခွင့် ရှိနေရမယ်ဆိုတဲ့ ကလေးအခွင့်အရေး ၊လူသားအခွင့်အရေးကို အပြည့်အ၀ ရနေကြပါတယ်။

ကျမတို့ရဲ့ မိခင် ဗမာပြည်ထဲမှာ ဒီအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးနေရတဲ့ ကလေးတွေအတွက် ၊သူတို့တွေရဲ့ အနာဂါတ်တွေ အတွက် အခုလက်ရှိ စစ်အာဏာရှင်တွေမှာ အကြွေးတွေ အများကြီးရှိနေပါတယ်။ ကမ္ဘာကို လိမ်လို့ရပေမယ့်လို့ ကိုယ့် တိုင်းပြည်ထဲက အခြေအနေကိုတော့ ပြည်သူတွေ မသိအောင် လိမ်ထားလို့ မရနိုင်ပါဘူး။

မယ်လစခန်းထဲထိ သွားပြီး အင်္ဂလိပ်စာနဲ့ စကားပြောသင်ပေးနေတဲ့ နိုင်ငံခြားသား စေတနာရှင်တွေလည်း တွေ့ခဲ့ရတဲ့အခါ ကိုယ်သာ တကယ်ပညာလိုချင်ရင် ဒုက္ခသည်စခန်းလို နေရာမှာတောင် အနာဂါတ်တွေ မျော်လင့်ချက်တွေက ရှငိသန်နေနိုင်ပါသေးလား လို့လည်း မြင်တွေ့ခံစားမိပါတယ်။

မယ်လစခန်းထဲက ပြန်လာခဲ့ပြီး တလျောက်လုံး စိတ်ထဲမှာ တော်တော်လေး ခံစားနေရပါတယ်။ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကိုလည်း အမျိုးမျိုးနှိုင်းယှဉ် ကြည့်မိပြီး နိုင်ငံအတွက် ဘယ်လိုလုပ်မှ ဒီလိုအာဏာရှင်နွံထဲက ရုန်းထွက်နိုင်မှာလဲ။ ဗမာနိုင်ငံပညာရေးဟာ အခွံသက်သက်သာ ရှိပါတော့တယ် ဆိုတာကမ္ဘာကသိအောင် ဘယ်လိုလုပ်ရပါ့မလဲ။ ဆေးတက္ကသိုလ်ကို တောင်မှ စစ်တပ်ကဆေးတက္ကသိုလ်နဲ့ အရပ်သားရိုးရိုးတွေအတွက် ဆေးတက္ကသိုလ်ဆိုပြီး ခွဲခြားထားပြီး ပညာကိုလည်း ခွဲခြားပေးတတ် တယ်။ ပြည်သူတွေကို ကျောသား ရင်သား မခွဲခြားပဲ အုပ်ချုပ်ရမယ်ဆိုတဲ့ လောကပါလတရားကို မတရားအာဏာ ရယူထားတဲ့ စစ်အုပ်စုအနေနဲ့ မသိတာပဲလား။ မသိချင်ယောင်ဆောင်တာပဲလား၊ အတွေးပေါင်းစုံနဲ့ ပြန်လာခဲ့မိပါတယ်။

ဗမာနိုင်ငံထဲက ပြည်သူတွေဟာ စစ်အာဏာရူးတွေရဲ့ လက်အောက်မှာ စားဝတ်နေရေး ၊ ပညာရေး၊ ကျန်းမာရေး အာမခံချက် ဘာမှ မရှိဘဲ ကိုယ့်နိုင်ငံထဲမှာ ကိုယ်နေရင်း ဒုက္ခသည်တွေ ဖြစ်နေကြပါတယ်။ ဒီမိုကရေစီ အလင်းရောင်မဲ့နေတဲ့ ဘ၀တွေမှာ မျှော်လင့်ချက်တွေ ပျောက်ကွယ်နေကြရပါတယ်။ မိဘတွေအနေနဲ့ စီးပွားရေးက ကျဆင်းနေကြပြီး စားဝတ်နေရေးကိုပဲ အဓိကထား ရုန်းကန်နေရတဲ့ အတွက် သူတို့သားသမီးတွေရဲ့ အနာဂါတ်ကို ဒီလိုပဲ ပစ်ထားလိုက်ရတဲ့အခါ သူတို့ရင်ထဲက ခံစားချက်ကရော ဘယ်လိုရှိနေနိုင်မလဲ။

ကိုယ့်မြေ ကိုယ့်ပြည် မဟုတ်တဲ့ ၊ လူသားချင်း စာနာထောက်ထားမှုအရ အခြားနိုင်ငံတွေရဲ့ အထောက်အပံ့နဲ့ ရပ်တည် နေရတဲ့၊ နိုင်ငံပျောက်နေတဲ့ ဒုက္ခသည် စခန်းထဲမှာတောင် ကလေးတွေရဲ့ ပညာရေးကို အလေးအနက် ထားတာ၊ ပံ့ပိုးကူညီ နေတာတွေ တွေ့ရတဲ့အခါ ကိုယ့်တိုင်းပြည်အတွက်၊ ကိုယ့်တိုင်းပြည်ရဲ့ အနာဂါတ် မျိုးဆက်သစ်တွှေရဲ့ ဘ၀မျော်လင့်ချက်တွေ အတွက် ယူကြုံးမရ ဖြစ်မိတယ်။ ကျမတို့ တိုင်းပြည်မှာ တကယ်တော်တဲ့ ကလေးတွေ အများကြီး ရှိပေမဲ့ ပညာရေး ဌာနရဲ့ ခြစားမှုတွေကြားမှာ နစ်မြုပ် ပျောက်ကွယ် ခဲ့ရတယ်။ “ကိုယ် တော်ဖို့ အရေးအကြီးဆုံးပါ။ ကိုယ် တော်နေရင် ဘယ်လိုမှ ချန်ထားလို့မရဘူး” ဆိုတာ စကားအရာမှာပဲ ရှိနေပါတော့တယ်။ ဒီနေ့ခေတ် ဗမာပြည် ပညာရေးဟာ အတူတူချင်း တော်နေရင်တောင်မှ ငွေမလိုက်နိုင်တဲ့ မိဘရဲ့ သားသမီးဟာ ချန်ထားခံခဲ့ ကြပါတယ်။ ပီတိကိုစား အားရှိပါ၏ ဆိုတဲ့ ဆရာမျိုးဟာ လက်ချိုးရေတွက်ရင်တောင် လက်နှစ်ဖက် ရှိပါတော့ မလား။

E- education ဆိုပြီး ဦးခင်ညွန့် လက်ထက်က အထက်တန်း၊ အလယ်တန်းတင်မကပဲ မူလတန်းကျောင်းတွေပါ ကွန်ပျူတာ သင်ကြားရေး ခန်းမတွေနဲ့ အဆင့်မြင့် ပညာရေးအဖြစ် ဗမာပြည် တနံတလျား မြို့ကြီးက ကျောင်းတွေမှာ ကွန်ပျူတာ ခန်းမဖွင့်ပွဲတွေ ကျင်းပခဲ့တယ်။ ဒါပေမဲ့ အဲဒီမှာ သုံးဖို့ ကွန်ပျူတာ တွေကို နိုင်ငံတော်က မထောက်ပံ့နိုင်ပဲနဲ့ ဘယ်လိုရသလဲ ဆိုတာကို တာဝန်ရှိလူကြီးတွေက မသိဟန် ဆောင်ခဲ့ကြတယ်။ ကျောင်းသားမိဘတွေရဲ့ လှူဒါန်းငွေ ဆိုပြီး နာမည်တပ်ပေမဲ့ တကယ်တော့ ကျောင်းသားတယောက်ကို ကွန်ပျူတာကြေး ကျပ် သုံးထောင်ဆိုပြီး ကောက်ခံတာပါ။ လုံးဝ မထည့်နိုင်တဲ့ သူကိုသာ ငါးရာလောက် မနည်းပြောဆိုပြီး အလှူငွေထည့် ရပါတယ်။ ကျောင်းစအပ်ကတည်းက ထည့်ရတဲ့ အလှူငွေ စာရင်းမှာ အဲဒီလို ကွန်ပျူတာကြေး ထည့်ကောက်တာပါ။ ကွန်ပျူတာဝယ်ဖို့ ကောက်ခံငွေ ဘယ်လောက်ရရ ငွေကြေးတတ်နိုင်တဲ့ မိဘတွေကို တလုံးချင်းလှူဖို့ ထပ်ပြီး အလှူခံပါသေးတယ်။ အဲဒီလို ကောက်ခံပြီး ၀ယ်ထားတဲ့ ကွန်ပျူတာဟာ ကျောင်းသားဘယ်လောက် များများ ငါးလုံးထက် မပိုပါဘူး။ တချို့ကျောင်းတွေဆို နှစ်လုံးပဲ ၀ယ်ပါတယ်။ ပိုတဲ့ ပိုက်ဆံတွေ ဘယ်ရောက်သွားလဲ လို့ ဘယ်မှာမှ မေးမရပါဘူး။ တကယ်လို့ ပညာရေးမှုးထံ တိုင်စာပို့မယ်ဆိုရင် တိုင်ကြားသူ နာမည် အပြည့်အစုံ ထည့်ရတာမို့ ကိုယ့်ကလေးဟာ ကျောင်းမှာ အမျိုးမျိုး အပြစ်ရှာခံရပြီသာ မှတ်ပေတော့။

အဲဒီကွန်ပျူတာတွေကို ကျောင်းမှာ ရှိတဲ့ ကလေးတိုင်းရော သင်ရမယ်၊ ကိုင်ရမယ်ထင် ထင်ပါသလား။ ဖွင့်ပွဲနေ့မှာသာ ကွန်ပျူတာရှေ့ ထိုင်ပြကြရပြီး ကျောင်းချိန်တွေမှာ ဆိုရင် ပျက်မှာစိုးလို့ သွားကြည့်လို့တောင် မရပါဘူး။ ကွန်ပျူတာသင်တဲ့ ဆရာမကို လိုင်းဝင်ထားပါမှ မှန်လုံခန်းထဲက ကွန်ပျူတာကို ကိုင်ကြည့်ခွင့် ရပါမယ်။ ကျောင်းပိတ်ရက်တွေမှာ သင်ရဖို့ ကွန်ပျူတာ ကျူရှင်ခက သပ်သပ် ပေးရပါသေးတယ်။ ငွေကြေးမတတ်နိုင်တဲ့ မိဘတွေရဲ့ သားသမီးတွေဟာ အဲဒီအခွင့်အရေးတွေ ဘာမှ မရကြပါဘူး။

ဒီလို မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းတွေ မပြောပါနဲ့၊ ကွန်ပျူတာ တက္ကသိုလ်မှာတောင် ကျောင်းသားတယောက် ကွန်ပျူတာ တလုံးမကိုင်ရပါဘူး။ နယ်တွေက ကွန်ပျူတာ တက္ကသိုလ်တွေမှာဆိုရင် ဆယ်ယောက် တလုံးနှုန်းပဲ ရှိပါတယ်။ မီးပြတ်တဲ့ ရက်တွေက များတော့ ထိထိရောက်ရောက် မသင်နိုင်ပါဘူး။ တကယ်တတ်ချင်တဲ့ ကျောင်းသားတွေက ကျောင်းပိတ်ရက်တွေမှာ ရန်ကုန်မှာဖွင့်တဲ့ ပုဂ္ဂလိက သင်တန်းတွေကို သွားတက်ကြပါတယ်။

အရည်အချင်းရှိဖို့ထက် အရေအတွက်ကို ဦးစားပေးတဲ့ ဗမာနိုင်ငံရဲ့ ပညာခေတ်ကြီးမှာ ပိုက်ဆံနဲ့ကြိုးစားသွားနိုင်ရင် ပြည်တွင်းမှာ အခုပေးနေတဲ့ မဟာဘွဲ့ကိုတောင် လွယ်လွယ်နဲ့ရနိုင်ပါတယ်။ ဒါပေမဲ့ ဒါတွေဟာ စစ်မှန်တဲ့ ပညာရေးတိုးတက်မှု ဟုတ်ပါရဲ့လား။ နိုင်ငံတွင်းမှာ ပိုက်ဆံပေါတဲ့ လူနည်းစု အထက်တန်းစား မိဘတွေက သားသမီးတွေကို နိုင်ငံခြားပို့ ပညာသင်စေတယ်။ လူလတ်တန်းစား အပေါ်ပိုင်းက ကိုယ့်သားသမီးတွေ အတွက် နိုင်ငံတွင်းမှာ ပညာကို ငွေနဲ့ပေါက်ပြီး ယူတယ်။ အများစု လူလတ်တန်းစား အောက်ပိုင်းနဲ့ အခြေခံလူတန်းစား ကတော့ သေစာရှင်စာ တတ်ရင် တော်ပါပြီ လို့ပဲ ပြောနိုင်ပါတော့တယ်။

တနေ့ တရာယူပြီး အလုပ် လုပ်မလား ၊ တနေ့ တရာပေးပြီိး စာသင်မလားဆိုတဲ့ ပညာရေးခေတ်ကြီိး ဖြစ်နေတာလေ။ ကျူရှင်မယူနိုင်တဲ့ ကလေးဟာ အတန်းထဲမှာ အမြဲအပြစ်ရှာ ကြိမ်းမောင်းနေမှာ မလွဲပါဘူး၊၊ အတန်းပိုင်ဆရာမကဝေးလို့ အနီးအနားမှာ ရှိတဲ့ ဆရာမဆီမှာ ကျုရှင်တက်နေမှန်း သိသွားပြန်ရင်လည်း အကြိမ်းခံရတာပါပဲ၊၊ ပညာတတ်တဲ့ မိဘက ကိုယ့်ဖာသာ သင်ပေးပြန်ရင် လည်း လက်မခံပြန်ပါဘူး၊၊ တခါတလေ မြန်မာစာကို စာလုံးပေါင်း မှားနေတာမျိုးတွေ၊ အင်္ဂလိပ်စာမှာ ဘာသာပြန် မှားနေတာမျိုးတွေကို မိဘအနေနဲ့ ထောက်ပြတဲ့အခါ လွယ်လွယ်နဲ့ လက်မခံပဲ ဒါမဟုတ် လက်ခံလိုက်ရရင်လည်း မိဘကွယ်ရာမှာ အဲဒီကလေးကို ချိုးချိုးဖဲ့ဖဲ့ ပြောပြီး ဆက်ဆံတတ်ကြပါတယ်၊၊ နုနယ်တဲ့ မူလတန်းကလေးငယ်တွေ ရင်ထဲမှာတောင် ဆရာမကို ဖားထားရမယ်လို့ စွဲထင်သွား စေအောင်ကို ဖျက်ဆီးထားခံနေကြရပါတယ်။

ပညာရေးနဲ့ ပတ်သက်လို့ လူတန်းစား မခွဲခြားပဲ အားလုံးသော ကလေးတွေကို တန်းတူညီမျ အခွင့်အရေး ရစေချင်တယ်။ အဲဒီလို အခွင့်အရေးမျိုးကို မျော်လင့်နေကြတဲ့ မျိုးဆက်သစ်ကလေးတွေ အမိဗမာပြည်ကြီးမှာ အများကြီး အများကြီး ရှိနေကြပါတယ်။ ထက်မြက်တဲ့ ဉာဏ်ရည်တွေနဲ့ သူတို့ဝါသနာပါရာကို အပူအပင်မဲ့စွာ ဆည်းပူးခွင့် ရကြမယ်ဆိုရင် အနာဂါတ် ဗမာပြည်ကြီးဟာ ရွှေရောင်တောက်ပနေမှာ မလွဲပါဘူး။

သူ့ကျွန်ဘ၀မှာ လူတိုင်းမသင်ယူနိုင်တဲ့ ကျွန်ပညာရေးကို သပိတ်မှောက်ပြီိး အမျိုးသားကျောင်းတွေ ထူထောင်ပြခဲ့တဲ့ မျိုးချစ်ကျောင်းသားခေါင်းဆောင်တွေနဲ့ ပညာဝန် ဦိးဖိုးကျားတို့လို ပုဂ္ဂိုလ်ကြီးတွေ၊ နောက်ပြီး ဗမာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ၊ ပညာရေး ပြယုဂ် သခင်ကိုယ်တော်မှိုင်းလို ပုဂ္ဂိုလ်ကြီိးတွေသာ ရှိနေဦး မယ်ဆိုရင် ဒီနေ့ခေတ်ဗမာနိုင်ငံကို ဘယ်လို ပြုပြင် ပြောင်းလဲပြမလဲလို့ စဉ်းစား သတိရလိုက်မိပါတယ်။
(ခင်မင်းဇော်)

1 comment:

YeKyawAungMDY said...

ဒီဆောင်းပါးကိုဖတ်ပြီး ပြည်တွင်းမှာ တကယ်ကိုပဲ ဒုက္ခ ရောက်နေကြတဲ့ ကလေးတွေရဲ့ ဘ၀ကို refugee camp ထဲမှာ ရှိနေကြတဲ့ ကလေးတွေရဲ့ ဘ၀ နဲ့ နှိုင်းယှဉ်ဖော်ပြထားတာကို ဖတ်ရတော့ အဟိတ်တိရိစ္ဆာန် `နအဖ`ပေါ် ပိုလို့ပဲ နာကြဉ်း
ဝမ်းနည်းမိပါတယ်။
ပြည်တွင်းက မနေ့က ပြန်ရောက်လာတဲ့ ကျောင်းသူတစ်ယောက်က ကျနော့်ကို ပြောပြပါတယ်။ ကျောက်မြောင်းဘက်မှာ
၇ နှစ်၊ ၈နှစ် အရွယ် ကလေးတွေ ညဘက်မှာထွက်ပြီး တောင်းရမ်းစားသောက်နေကြရတယ်လို့ပြောပြပါတယ်။
တောင်းရမ်းပုံကိုလည်း ကျနော့်အားပြန်လည်ရွတ် ပြပါတယ်။ ``ဦးဦး၊ ဒေါ်ဒေါ်တို့ သားသားဗိုက်ဆာလို့ပါ။ ထမင်းကျန်၊ ဟင်းကျန်ရှိရင် စွန့်ကြဲပေးပါခင်ဗျာ။ ``ငိုသံပါပါ အသံနဲ့ တောင်းရမ်းနေတယ်ဆိုတဲ့ အကြောင်းကို ကျနော့်အား ပြန်ရွတ်ပြပါတယ်။
အဲဒီ သူပြန်ရွတ်ပြတဲ့ စကားကို ကြားပြီး။ ကျနော် တစ်အားဝမ်းနည်းမိတယ်။ နာကြဉ်းစိတ်လည်းပိုလို့ တိုးလာမိပါတယ်။ ကျနော်တို့ လုပ်ကိုလုပ်ရအုံး မယ်ဆိုတဲ့ စိတ်လည်း ပိုလို့ ခိုင်မာလာမိပါတယ်။