Saturday, September 8, 2007

လူရှင်သချိုင်းများအကြောင်း(၄)

အိမ်သာထဲကသောက်ရေ

ကျနော်ကို စပြီးစစ်ဆေးတော့ ကျနော့်အခန်းကနေ သီးသန့် အခန်းထဲကို ခေါ်သွား ပါတယ်။ ပြီးတော့ ကျနော့်ကို စပြီးစစ်ဆေးပါတယ်။

“မင်းက မင်းအိမ်မှာမအိပ်တော့ ဘယ်မှာသွားအိပ်တာလဲ၊ ဘယ်အိမ်တွေက မင်းကို လက်ခံထားသလဲ”
ကျနော်လည်းကိုယ့်ကိုကယ်တင်ထားခဲ့တဲ့ ကျေးဇူးရှင် ထမင်းရှင်တွေကို ဒုက္ခ ရောက်စေမယ့် အဖြစ်မျိုး မရောက်စေဖို့ အတွက် သူတို့မေးတဲ့မေးခွန်းကို သတိထား ဖြေဆိုပြီး မန္တလေးနဲ့ ရန်ကုန်မြို့က ဘုန်းကြီး ကျောင်းတွေ မှာခိုကပ် နေထိုင်ခဲ့ရတယ်လို့ ပြန်ဖြေဆိုခဲ့ပါ တယ်။ အဲဒီမှာသတိပြုမိတာ တစ်ခုကတော့ ထောက်လှမ်းရေးတွေဟာ စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်တဲ့အခါတိုင်း သူတို့ရဲ့ အစွမ်းအစနဲ့ဘာမှ စုံစမ်းထားတာမရှိပဲ ကျနော်တို့ရဲ့ ထွက်ဆိုချက် တွေကိုသာ အသာလေးမှတ်ပြီး ခြိမ်းခြောက်၊ ဟိန်းဟောက်ပြီးမှ လိုက်ရေးသား မှတ်တမ်းလုပ် တာကိုသာတွေ့ရပါတယ်။

ဒါအပြင် ပြင်ပမှာ ကျနော်တို့တတွေ လှုပ်ရှားမှုတွေ အတူတူ ပြုလုပ်ခဲ့ကြတဲ့ ရဲဘော်တွေ တချိန်တည်း၊ တစ်ပြိုင်တည်းမှာ အဖမ်းအဆီးခံရတဲ့အခါမျိုးမှာ ဆိုလို့ရှိရင် ထွက်ဆိုချက်တွေ မတူညီတဲ့ ထွက်ဆိုမှုမျိုးတွေ ရှိခဲ့ရင် ကျနော်တို့ရဲ့ လိမ်လည်မှုကပေါ်သွားပြီး ပြန်လည် စစ်ဆေးတာတွေ၊ ရိုက်နှက်တာတွေ ပြုလုပ်ခံရပါတယ်။

စစ်ဆေးနေတဲ့ ရက်တွေထဲက တစ်ရက်မှာ ကျနော့်ကို သူတို့တွေ နေ့လည်ပိုင်းမှာ စစ်ဆေးပါတယ်။ စပြီးစစ်ဆေးချိန်ထဲက ထမင်းလည်းမကျွေး၊ ရေလည်းမတိုက်၊ အပေါ့အပါး သွားခွင့်တောင် မပေးတာကြောင့် ကျနော့်မှာ ဒုက္ခ စရောက်ပါတော့တယ်။

သူတို့မေးသမျှဖြေနေရင်းက အာခေါင်တွေ ခြောက်ကပ်လာတာကြောင့် ကျနော် ရေတစ်ခွက်လောက် သောက်ချင်ပါတယ် လို့ပြောတော့ မရသေးဘူးဆိုပြီး ပြန်ဖြေပါတယ်။ ရေငတ်လာတာကြောင့် သူတို့မေးသမျှ ဆက်မဖြေနိုင်လောက်အောင်ကို လူကမောဟိုက်လာပြီး ရေသောက်ချင်စိတ်များ ထိန်းမနိုင်အောင် ဖြစ်မိ ပါတယ်။

ကျနော့်ဘေးခန်းက ရဲမော်ထူးကလည်း ရေသောက်ချင်တာရယ်၊ ဆီးသွားချင်တာရယ် ကိုတောင်းဆိုတဲ့ အသံကိုကြားလိုက်ရပါတယ်။ အဲဒီတော့ ရဲမော်ထူးအခန်းထဲက ထောက်လှမ်းရေးက ရေသောက်ချင်ရင် သေးမပေါက်ရဘူး။ သေးပေါက်ချင်ရင် ရေမသောက်ရဘူးလို့ ပြောပြီး ကြိုက်တာရွေးခိုင်း ပါတယ်။ အဲဒီအခါမှာ ရဲမော်ထူးက သူ့မှာ ရေလည်း အင်မတန် ငတ်နေကြောင်း၊ ဆီးလည်း ဆက်မအောင့်နိုင် တော့လို့ ကိုက်နေကြောင်း တောင်းတောင်း ပန်ပန်နဲ့ ပြန်ပြောပါတယ်။

ဒါပေမယ့် ထောက်လှမ်းရေးရဲ့ “ဟေ့ကောင်၊ မင်းကို လူလိုပြောနေတာ နားမလည်ဘူးလား၊ မင်းအလုပ် တခုတည်းမဟုတ်ဘူး၊ ငါမှာ အခြားအလုပ်ရှိသေးတယ်။ မြန်မြန်ပြော တစ်ခုပဲရမယ်” ဆိုတဲ့အသံကြီးက ဟိန်းထွက် လာပါတယ်။ ရဲမော်ထူးလည်း ဆီးပဲသွားတော့မယ်ဆိုပြီး အိမ်သာကို အမြန်ပို့ ခိုင်းပါတော့တယ်။ ကျနော်လည်း ရဲမော်ထူး အခန်းဖက်က ကိစ္စပြီးလို့ နာရီဝက်လောက် အကြာမှာပဲ ကျနော့်ရှေ့စားပွဲမှာ ထိုင်ပြီး ကျနော် ပြောသမျှကို လိုက်ရေးနေတဲ့ သတ္တ၀ါကို“အကို၊ ကျနော်ဆီးသွားချင်လို့” လို့ပြောလိုက်တော့ သတ္တ၀ါက စိတ်ပြောင်းသွားပြီး “အေး၊ လိုက်ပို့ပေးမယ်” လို့ပြန်ပြောပါတယ်။

ကျွန်တော်လည်း အခွင့်အရေးရတုန်း ပြောဦးမှဆိုပြီး“အကို၊ ကျနော်မနက်ကတည်းက ရေလည်းမသောက်ရသေးဘူး၊ ရေသောက်ချင်ပါတယ်။” ပြောတော့“ရေသောက်ချင်ရင်တော့ သေးမပေါက်ဘူး၊ သေးပေါက်ချင်ရင် ရေမသောက်ရဘူး၊ တစ်ခုရမယ်၊ အခုရေယူမလား၊ ဆီးတော့မသွားရဘူး၊ အောင့်ထား၊ ဒီအခန်းထဲမှာ သွားလို့ကတော့ မင်းကိုယ်တိုင် လျှာနဲ့ ပြန်လျက်ရမယ်” ကျနော့်ကို ပြန်ပြီး ခြိမ်းခြောက်ပါတော့ တယ်။

ကျနော်လည်း ရေမသောက်ရလည်းနေပါစေ၊ ဆီးပဲသွားတော့မယ်လို့ အဖြေပြန် ပေးလိုက်ပါတယ်။ အဲဒီ တော့ ထောက်လှမ်းရေးကနေ ဆက်ပြီး “မင်းတို့ ကိုရေမတိုက်တာ သေးခဏ ခဏပေါက်လို့၊ ငါတို့အိမ်သာ လိုက်ပို့ ရတာ အလုပ်ရှုပ်လို့ မတိုက်တာရှင်းပြီလား၊ ကဲအိမ်သာ သွားမယ်”

ကျနော်ကိုအိမ်သာ လိုက်ပို့ပါတယ်။ အိမ်သာကိုရောက်တော့ ဆီးကိုအရင်သွားပြီး အိမ်သာထဲက ရေကို သောက်ရေအဖြစ် သက်မှတ်ပြီး အငမ်းမရ အ၀သောက်လိုက်ပါတယ်။ ပြီးမှ ကျနော့်ပါးစပ်ကို သေသေချာချာ ပြန် သုတ်ပါတယ်။ တစ်ရက်လောက် ရေငတ်နေလို့ အိမ်သာထဲကရေကို သောက်လိုက်ရတာနဲ့ အတော့်ကို လန်းလန်း ဆန်းဆန်း ဖြစ်သွား ပါတယ်။ ကျနော့်အာခေါင်တွေပြန်ပြီး စိုစွတ် လာပါတော့တယ်။

တစ်ရက်မှာတော့ ညကကျနော့်ကို တစ်ညလုံးစစ်ဆေးထားလို့ ပင်ပန်းပြီး အိပ်မောကျနေတုန်း ကျနော့် အခန်းတံခါးကို ဖွင့်တဲ့အသံကြားလို့ ရုတ်တရတ်လန့် နိုးသွားပါတယ်။ ထင်တဲ့အတိုင်းပဲ ကျနော့်ခြေထောက်ကို ဖိနပ် တွေနဲ့ကန်ပြီး အတင်းထခိုင်းပါတယ်။

“ဟေ့ကောင်…ထစမ်း၊ မင်းဒိုင်ယာရီစာအုပ်ထဲက(MT ၃၈၀၊၅၄)ဆိုတာ ဘာသင်္ကေတလဲ”

ကျနော်က ကျနော့်သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ဒေါပုံမြို့နယ်က အခြေခံပညာ ကျောင်းသား မြတ်သူကို ထောက်လှမ်းရေးက လွန်ခဲ့တဲ့အပတ်အတွင်းက ဖမ်းဆီးခဲ့ပြီး တရားရုံးထုတ်ခဲ့ကြောင်း၊ အမှုကိုင်ရဲမှ မြတ်သူအား ပုဒ်မ၃၈၀၊၅၄ ဖြင့် အမှုဖွင့် အရေးယူခဲ့ ကြောင်း၊ အဲဒီကိစ္စအားသိ၍ မှတ်သားထားခြင်ဖြစ်ကြောင်း သေသေချာချာ ရှင်းပြပါတယ်။ ဒါပေမယ့် ထောက်လှမ်းရေးအရာရှိက ယုံကြည်ပုံမပေါက်ပဲ
“မင်းမလိမ်နဲ့…ဒါတောထဲက မိုးသီးဇွန်နဲ့ ပက်သက်တဲ့ အဆက်အသွယ် သင်္ကေတ မဟုတ်လား” ဆိုပြီးတဖက်သက်စတင် စွပ်စွဲပါတော့တယ်။ ကျနော်က မဟုတ်ကြောင်း ငြင်းဆိုပါတယ်။ ဒါဘာသင်္ကေတလဲဆိုပြီး ထပ်ထပ်တလဲလဲ မရမက မေးပါတယ်။ သူတို့ကျေနပ်လောက်တဲ့ အဖြေမရတာ ကြောင့် ဒူးကွေး၊ ခြေခွဲ၊ လက်မြှောက် အနေအထားနဲ့(၁)နာရီလောက် နေခိုင်းပါတယ်။ ပုံပျက်ရင် ဒါလာမယ် ဆိုပြီး ကုလားထိုင်ပေါ်က တယောက်က ခြိမ်းခြောက်ပါတယ်။ ဘာလာမလဲဆိုတာ သူကပြပေမယ့် ကျနော့် ခေါင်းက ခေါင်းစွပ်ကြောင့် မမြင်ရပါ။ နောက်ခဏနေတော့ မင်းမှန်မှန်ဖြေမလားလို့ မေးခွန်းထပ်ထုတ်ပါတယ်။ ကျနော်လည်း အိပ်နေတဲ့အချိန် ၀ုန်းဒိုင်းကြဲပြီး မဟုတ်တာတွေ လာစွပ်စွဲနေတော့ တော်တော် ဒေါသထွက် သွားပါတယ်။ မဟုတ်တာကို အတင်းအဓမ္မ ၀န်ခံခိုင်းနေတာကြောင့်“ခင်ဗျားတို့ စွပ်စွဲတာ မှားနေပြီ၊ ကျနော် ပြောတာကို မယုံဘူးဆိုရင် အင်းစိန်ထောင်မှာ အချုပ်ဘ၀နဲ့ ချုပ်ခံထားရတဲ့ မြတ်သူဆိုတာ မလွတ်သေးဘူး၊ ရှိတယ်၊ ခင်ဗျားတို့ မယုံရင်စုံစမ်းကြည့်နိုင်တယ်။ ကျနော်ပြောတာ မဟုတ်ရင် ကြိုက်တဲ့အပြစ်ပေးနိုင်တယ်”
ကျနော်ဒေါသ ထွက်ထွက်နဲ့ ပြန်ပြောလိုက်တယ်။

“အေး၊ ငါတို့စုံစမ်းကြည့်ဦးမယ်။ မဟုတ်လို့ကတော့ မင်းပိုနာပြီသာမှတ်”

နောက်တခုကတော့ ကျနော့်သူငယ်ချင်း ဘုန်းဘုန်းက ဘေးအန္တရာယ် ကင်းအောင်ဆိုပြီး ပေးထားတဲ့ အင်းလေး ဖောင်တော်ဦးဘုရားက ပိတ်စအနီလေးက ထောက်လှမ်းရေးရဲ့ အန္တရာယ်က မကာကွယ်နိုင်ပဲ အမှုပါ ထပ်တက် လိုက်ပါသေးတယ်။ ကျနော့်ကို စစ်ဆေးနေစဉ်မှာ ကျနော်ဖမ်းမိခံရစဉ်က ကျနော်နဲ့အတူပါလာတဲ့ အိတ်နဲ့ အခြား ပစ္စည်းတွေကို တစ်ယောက်ကယူလာပြီး အခန်းထဲဝင်လာပါတယ်။ပြီးတော့

“ဟေ့ကောင်၊ ဒီအနီရောင်က ပိတ်စလား၊ လက်ပက်လား၊ နဖူးစည်းလား၊ အချိန်းအချက်လုပ်တဲ့သင်္ကေတ လား”

“ကျွန်တော်က ဘာသင်္ကေတမှမဟုတ်ပါဘူးလို့ ပြောပြီး ဒီပစ္စည်းဟာအင်းလေးဖောင်တော်ဦး ဘုရားက စွန့်တဲ့ သင်္ကန်းစဖြစ်ကြောင်း၊ အဲဒီသင်္ကန်းစမှာ အင်းလေးဖောင်တော်ဦး ဂေါပကအဖွဲ့ရဲ့ တံဆိပ်တုံးလည်း ပါကြောင်း ရှင်းပြလိုက်ပါတယ်။ အဲဒီနောက်ပိုင်း ဒီကိစ္စနဲ့ ပက်သက်ပြီး ဘာမှဆက်မမေးတော့လို့ ပြီးဆုံးသွားပြီ ထင်ပေ မယ့် ကျနော့်အမှုကို စစ်ခုံရုံးမှာ တင်ပြီးစစ်တဲ့ အခါကျတော့ ခွပ်ဒေါင်းတံဆိပ်ပါ အနီရောင်လက်ပတ်ဆိုပြီး သက်သေခံ ပစ္စည်း အဖြစ်နဲ့ တင်ပါတယ်။

အင်းလေးဖောင်တော်ဦးဘုရားက သင်္ကန်းစဟာ န၀တရဲ့ စစ်ခုံရုံးရောက်တော့မှ ခွပ်ဒေါင်း လက်ပက်ဘ၀ကို ချက်ချင်း ပြောင်းသွားလို့ ကျနော်တအံ့တသြ ဖြစ်သွားမိပါတယ်။

No comments: