Friday, July 20, 2007

မြင်လိုက်ရတဲ့ ကိုယ်ကျင့်တရား

ခုတလော လူနဲ့ ကိုယ်ကျင့်တရား အကြောင်းကို ကျမက သိပ်ကိုစိတ်ဝင်စားနေချိန်မှာ ချစ်မိတ်ဆွေလေး တယောက်နဲ့ အကျင့်စာရိတ္တ ၊ အကျင့်သိက္ခာ စသဖြင့် ခေါင်းစဉ်တွေ တပ်ပြီး ဆွေးနွေးဖြစ်ခဲ့ပါတယ်၊

စကားပြောဖြစ်ကြစဉ်က လူသိများတဲ့ ထင်ရှားကျော်ကြားတဲ့ အောင်မြင်နေတဲ့ လူပုဂ္ဂိုလ်အတိအကျတွေနဲ့ ပြောဖြစ်ခဲ့ကြပေမယ့် နောက်ဆုံး အနှစ်ချုပ်လိုက်တော့ ဘယ်သူတွေပဲ ဖြစ်နေပါစေ၊ လူတယောက် အသက်ရှင်နေစဉ်မှာ အဓိက စောင့်ထိန်းသင့်တဲ့ ကိုယ်ကျင့် တရားတော့ရှိသင့်တယ်လို့ ကျမတို့ သဘောတူ လိုက်ကြပါတယ်။ အဲဒီထဲမှာ အရေးအကြီးဆုံး စောင့်ထိန်းရမဲ့ ကိုယ်ကျင့်တရားကို ဘာသာတရားတိုင်းမှာ တားမြစ်ထားတဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှု (တနည်း) လူမှုရေးဖောက်ပြန်မှုကို သတ်မှတ်လိုက်ပါတယ်။


လူတယောက်မှာ ဘယ်နေရာ ဘယ်အဆင့်မှာပဲရှိနေပါစေ။ သူဟာ ဆင်းရဲသူလည်း ဖြစ်နိုင်တယ်။ ချမ်းသာသူလည်း ဖြစ်နိုင်တယ် ။ နောက်နာမည်ကြီးသူ နာမည်မကြီးသူ ။ အောင်မြင်သူ ရှုံးနိမ့်မှုတွေ့နေသူ ဘယ်သူမဆိုဖြစ်နိုင်တယ်။ အဲဒီသူဟာ အိမ်ထောင်ရေး မဖောက်ပြန်သူ ၊ လူမှုရေး မဖောက်ပြန်သူဆိုရင် အနည်းဆုံး သူ့အိမ်သူ သူ့အိမ်သား သူ့သားသမီး သူ့ဆွေမျိုးတွေက လေးစားလိမ့်မယ်။ ပြီးကိုယ်တိုင် လိပ်ပြာသန့်သန့်နဲ့ အားလုံးကို ရင်ဆိုင်နိုင်မယ်။ ဘယ်တော့မှ သူ့ဆီမှာ စိုးရွံ့စိတ်ကို မတွေ့ရဘူးလေ။ ဒါက အနိမ့်ဆုံး အဆင့်ကနေ စဉ်းစားဖြစ်ကြတာပါ။

နောက်တခါထပ်ပြောဖြစ်တာက လူသာမန်မဟုတ်ပဲ လူထုက အသိအမှတ်ပြု ချစ်ခင် လေးစားသူ အဆင့်ရောက်လာတဲ့ အခါမှာလည်း အဲဒီကိုယ်ကျင့်တရားကို ပိုလို့ အလေးထား သင့်တယ် ဆိုတဲ့ အကြောင်းဖြစ်ပါတယ်။ ကျမတို့ နှစ်ယောက်တည်း သဘောတူနေတဲ့အချက် ဆိုတော့ အခြားသူတွေကလည်း လက်မခံပဲ လွတ်လပ်စွာ သဘောထားကွဲနိုင်ပါတယ်။ အထူးသဖြင့် ကျော်ကြားလူသိများ လေးစားခံနေရသူ တွေအနေနဲ့ ကိုယ့်ကို အားကျအတု ယူနိုင်ဖို့ ကိုယ်တိုင်က စောင့်ထိန်းသင့်တာတွေကို စောင့်ထိန်းခြင်းအားဖြင့် ရှေ့ဆောင်လမ်းပြရမယ်လို့ ကျမတို့က ခံယူထားလို့ပါ။ လူနဲ့ တိရိစ္ဆာန် ကွာခြားမှုက ဆင်ခြင်ဥာဏ်ပဲ မဟုတ်ပါ လား။ ဆင်ခြင်ထိန်းသိမ်းနိုင်ဖို့က လူတိုင်း မလုပ်နိုင်ပါဘူး။ မကောင်းမှန်းသိပေမဲ့ မရှောင် လိုက်နိုင်ဘူးဆိုမျိုးကို ကြားနေရတာ များနေပြီမဟုတ်ပါလား၊

ကိုယ်ဟာ လူသာမန်ထဲကပေမဲ့ လူတိုင်း မထိန်းသိမ်းနိုင်တာကို ထိန်းသိမ်းနိုင်တယ် ဆိုတာနဲ့ အလွှာပါးပါးလေး တခု ခြားသွားပါပြီ။ အဲဒါကတော့ စိတ်ဓါတ် အဆင့်မြင့်သွားတာပါပဲ၊
လူတွေကို အဓိက ခွဲခြား ကွဲပြားသွားစေတာကတော့ အဲဒီထိန်းသိမ်းနိုင်တဲ့ ဆင်ခြင်တုံ တရားပဲ ဖြစ်မယ် ထင်ပါတယ်။ ပညာဘယ်လောက် တတ်တတ် ဆင်ခြင်တုံတရား ကင်းမဲ့တဲ့အခါ တန်ဖိုးမရှိတဲ့လူ ဖြစ်သွားနိုင် ပါတယ်။

တဖြည်းဖြည်းနဲ့ ကျမတို့ ပြောဖြစ်သွားတာက ဒီနေ့ခေတ်မှာ လူတွေဟာ ကိုယ်ကျင့်တရားကို ဘယ်လောက်တန်ဖိုးထားမှုရှိတယ် မရှိဘူး ဆိုတဲ့ အကြောင်းကိုလည်း ဆက်လက် ရောက်ရှိသွားပြန်ပါတယ်။ ကျမကတော့ ဒီနေ့ခေတ်မှာတော့ အရင်ခေတ်လောက် တန်ဖိုးထားမှု မရှိဘူးလို့ ထင်တဲ့အကြောင်း ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ အရင် ခေတ်ကဆိုရင် လူမှုရေး ဖောက်ပြန်သူတွေကို ပတ်ဝန်းကျင်က ရှောင်ကျဉ်တာ၊ မိဘဖြစ် နေရင် သူ့သားသမီးတွေပါ လောင်းရိပ်မိတတ်တာ (လူမှာအမျိုး ကြက်မှာ အရိုး၊ ငှက်ပျောပင် စိုက် မိလိုက်ဖလိုက်) စသည်ဖြင့် ခိုင်းနှိုင်းတတ် ကြတာမျိုးတွေ ရှိခဲ့တာတွေရှိပေမဲ့ ဒီနေ့ခေတ် လူတွေမှာတော့ ဒါဟာ ဖြစ်တတ်တဲ့ သဘာဝပဲ။ သူတို့က အတင်းလိုက်နေတော့ မရှောင်နိုင် တော့တာ ဖြစ်မယ် စသည်ဖြင့် ဖြေတွေး ပေးကြတယ်။ သူကတော့ အဆိုတော်ပဲ၊ သူကတော့ နိုင်ငံရေးသမားပဲ၊ သူက ပိုက်ဆံရှိ တာကိုး၊ သူကအာဏာရှိတယ်လေ အစရှိသလို ဆင်ခြေ ပေါင်းစုံနဲ့ ခွင့်လွှတ်တတ်ကြတယ်။ ခွင့်လွှတ်ခြင်းတရားဟာ ကောင်းပေမဲ့ မကောင်းတာကို မတားမြစ် မပိတ်ပင်ပဲ ခွင့်လွှတ်တတ် လာတာကတော့ ဆုတ်ယုတ်ခြင်းပဲလို့ မြင်မိတဲ့ အကြောင်းလဲ ပြောဖြစ်ကြတယ်။ ခေတ်ကြီးကိုက ဆုတ်ကပ်ကိုးလို့ ကျမသူငယ်ချင်းက ပြောပါသေးတယ်။

အဲဒီလိုအချိန်မှာ ဒွေးကွယ်လွန်တဲ့ သတင်းရရှိလာပါတယ်။ ကဲ ကျမတို့ စမ်းသပ်လို့ ရပြီလို့ စဉ်းစားမှုရှိလာပါတယ်။ လူအများစုက ဘာကို အလေးထားသလဲ၊ ကိုယ်ကျင့်တရား ဆိုတာ စောင့်ထိန်းဖို့ လိုသလား။ ဘယ်လိုအခြေအနေ အဆင့်အတန်းတွေက စောင့်ထိန်းဖို့ လိုသလဲ။ စမ်းသပ်ဖို့ ကွင်းတခုအဖြစ် ကျမတို့ မမေဓါဝီဘလော့က ကွန်မန့်တွေကိုဖတ်ဖြစ်ရင်း စဉ်းစားမိတာပါ။ဒါကြောင့် အထက်က ကွန်မန့် ၃၀ ကျော်လောက်မှာ လူကောင်းလူတော်တွေချည်းပဲ စောစောစီးစီး ခေါ်သွားတယ်ဆိုတဲ့ အဆိုတခုကို တွေ့ရပြီးတဲ့နောက်မှာ ကျမက ကွန်မန့် ၀င်ရေးလိုက်ပါတယ်။ ဒွေးက လူကောင်းလူတော်လားလို့။

ကျမစိတ်ထဲမှာ အချက်အလက်နဲ့ လူကောင်းလူတော်လို့ သတ်မှတ်ရင် သတ်မှတ်တယ် ဘာကြောင့် ဒီလို…..ဆိုတာမျိုးနဲ့ ပြန်ဖြေလိမ့်မယ်လို့ တွေးထင်ထားတာ အမှန်ပါ။

အံ့သြဘွယ်ကောင်းတာက ဘလော့လောကမှာ မယဉ်ကျေးတဲ့သူတွေ ဆဲဆိုရိုင်းစိုင်း တဲ့ သူတွေ ရှိတယ်ဆိုတာ သိလိုက်ရတာပါပဲ။ ဆွေးနွေးငြင်းခုံခြင်းကို ကျမတို့ အများစု မယဉ်ပါး သေးဘူး အကျင့်မဖြစ်သေးဘူးလို့လည်း ကောက်ချက်ချမိပါတယ်။ ကျမရေးတဲ့ အထဲမှာ မိုက်ရိုင်းတဲ့ စကားလုံး မပါခဲ့တာ ပြန်ဖတ်ကြည့်ရင် သိမှာပါ။ ပြီးတော့ ကျမက ကိုယ်ဘယ်သူ ဆိုတာကိုလည်း ထင်ထင်ရှားရှား ပြထားပါသေးတယ်။ ဒါက ဘာကို ဖေါ်ပြချင်သလဲ ဆိုရင် ကိုယ်ပြောတဲ့ စကားကို ကိုယ်တာဝန်ခံတယ် ဆိုတာ ပြချင်လို့ပါ။ နေရာတကာမှာ စံပေတံ မထားလို့ အခုလို စိတ်ဓါတ်တွေ ၊ တာဝန်ယူမှုတွေ နိမ့်ကျနေတဲ့ လူတွေများ များလာတယ် ဆိုတာလည်း ပိုပြီးလက်ခံမှု ဖြစ်လိုက်ရပါတယ်။

တနည်းအားဖြင့် တနေရာရာမှာ အောင်မြင်မှုရလာခဲ့ရင် အဲဒီအောင်မြင်မှုကြောင့် ကိုယ်ကျင့်တရား ဖောက်ဖျက်ခွင့် လိုင်စင်လည်း အလိုအလျောက် ရရှိတယ်လို့ သတ်မှတ်သူတွေ ရှိနေတယ် ဆိုတာကို ထင်ထင်ရှားရှား ၀မ်းနည်းဖွယ် တွေ့လိုက်ရတာပါပဲ။

အမှားပြင်ဆင်ခွင့်နဲ့ နောက်ထပ်တစ်ခါ ထပ်ကြိုးစားပိုင်ခွင့်တွေဟာ အမှားမကင်းနိုင်တဲ့ လူသားတွေနေတဲ့ လူ့အဖွဲ့အစည်းတစ်ခုအတွက် မရှိမဖြစ်ကိုလိုအပ်ပါတယ်။ `မမှားသောရှေ့နေ၊ မသေသောဆေးသမား´ ဆိုတဲ့ စကားအတိုင်းပါပဲ ... မှားမိခြင်းဟာ ပြုပြင်လို့ မရနိုင်တဲ့ အပြစ်အနာအဆာ မဟုတ်ပါဘူး။ မှားယွင်းမှုတွေမှာ သာယာပြီး ပြင်ဆင်ဖို့စိတ်ကူး မရှိတော့တာမျိုးကသာ လူ့အဖွဲ့အစည်း တစ်ခုအနေနဲ့ ခွင့်မပြုသင့်တဲ့ အနေအထားတစ်ခု ဖြစ်ပါတယ်။(ဘလော့တခုမှာ ဖတ်ဖူးတာပါ။)

အဲဒီအဆိုကို ကျမက အရမ်းသဘောကျ ထောက်ခံလိုက်ပါတယ်။ မှားခွင့်ရှိတယ်။ မှားမိတာနဲ့ အဲဒီအမှားမျိုး နောက်ထပ် မမှားရတော့ဘူး။ မမှားအောင် ထိန်းသိမ်းရတော့မယ်။ အသိဥာဏ်၊ ဆင်ခြင်တုံတရားနဲ့ ကိုယ့်စိတ်ကို နိုင်အောင် ထိန်းလိုက်နိုင်ပြီ ဆိုရင်တော့ လူတော်တင် မကတော့ဘူး လူကောင်းပါ ဖြစ်သွားပါပြီ။

ကျမကတော့ ကျမ၀န်းကျင်မှာ ကိုယ်ကျင့်တရား ဖောက်ပြန်သူတွေ့ခဲ့ရင် ဘယ်တော့မှ ခွင့်လွှတ်ဖို့ မစဉ်းစားနိုင်အောင် ဒေါသ ထွက်မိပါတယ်။ ဒါက ကျမနဲ့ ရင်းနှီးတဲ့သူတွေ အသိပါ။ နောက်ပြီး …….လူတွေဟာ တနေရာမှာ ကိုယ်ကျင့်တရား ဖောက်ဖျက်မိသွားရင်( လူမှုရေးမှာ ဖောက်ဖျက်တယ် ဆိုပါတော့)သူဟာ နိုင်ငံရေးမှာလဲ ဖောက်ပြန်ဖို့ အများကြီး အလားအလာ ရှိသွားပြီ။ နိုင်ငံရေး ပြောလို့ မရောထွေးပါနဲ့ လို့ ပြောလာရင်လဲ နိုင်ငံရေးဆိုတာ အားလုံးနဲ့ ဆက်စပ်နေပါတယ်လို့လဲ တခါတည်း ဖြေပေးလိုက်ပါ့မယ်။

ကျမတို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ လူတိုင်းနေ့စဉ်အလုပ် တွေဟာလည်း နိုင်ငံရေးနဲ့ ဆက်စပ်နေပါတယ်တဲ့။ နိုင်ငံရေး ဖွံဖြိုးတိုးတက် တည်ငြိမ်နေမှ ကိုယ်ရဲ့ ကိုယ်ပိုင်ဘ၀တွေလည်း တည်ငြိမ် အေးချမ်းသာယာ ပါလိမ့်မယ်တဲ့။

ဒီတော့ ကျမကတော့ ဘယ်နေရာမှာ ဘာပဲလုပ်လုပ် ကိုယ်ကျင့်တရားစံနဲ့ တိုင်းတာပြီး လူတွေကို ပေါင်းသင်း ဆက်ဆံတတ်ပါတယ်။ (ဒါကြောင့်လဲ အလိမ်အညာ ဖောက်ပြန်ရေးသမား နအဖကို ပေါင်းလို့ မရတာ ဒီနေ့ထိပေါ့။)

လွတ်လပ်စွာတွေးတောခွင့် လွတ်လပ်စွာကွဲလွဲခွင့်တွေကို လေးစားသူများနဲ့ ကျမ အပြန်အလှန် ဆွေးနွေးချင်ပါတယ်။

3 comments:

s0wha1 said...

"ကျမကတော့ ကျမ၀န်းကျင်မှာ ကိုယ်ကျင့်တရား ဖောက်ပြန်သူတွေ့ခဲ့ရင် ဘယ်တော့မှ ခွင့်လွှတ်ဖို့ မစဉ်းစားနိုင်အောင် ဒေါသ ထွက်မိပါတယ်။ ဒါက ကျမနဲ့ ရင်းနှီးတဲ့သူတွေ အသိပါ။ နောက်ပြီး …….လူတွေဟာ တနေရာမှာ ကိုယ်ကျင့်တရား ဖောက်ဖျက်မိသွားရင်"


အဲဒီအကျင့်ကတော့ သမီးနဲ့ တော်တော်တူနေတာပဲ အန်တီရေ...
သမီးအမေလည်း အဲလိုပဲ...

ဂျစ်တူး - gyit_tu said...

အမခင်မင်းဇော်ရေ.. ကျမအတွေးလေးကို တင်ပြပါရစေ ...

(၁) တရိစ္ဆာန်နဲ့ လူကွာခြားချက်က အသိဥာဏ်ဆင်ခြင်တုံ့တရားဆိုတာ အရမ်းလက်ခံပါတယ် ။ ဒါကြောင့် ကြီးနိုင် ငယ်ညှင်းလုပ်တတ်သူများ ၊ စိတ်ခန္ဓာနောက်လိုက်ပြီး အိမ်ထောင်ရေးဖောက်ပြားသူတွေဟာ တရိစ္ဆာန်နဲ့မခြားလို့ ခံယူတယ် ။

(၂) ခေါင်းဆောင်ဆိုတာ responsiblity ပိုရှိတယ်လို့ မြင်ပါတယ် ။့ ကျမအလုပ်ကလူနဲ့ တခါ ဒီကိစ္စကို ဆွေးနွေးဖူးတယ် ။ သူပြောတာလေး သဘောကျလို့ ပြန်ဝေမျှလိုက်ပါရစေ...
Many people can call themselves leaders but not everyone can lead by example. ကျမကိုယ်တိုင်ကလည်း lead by example ဆိုတဲ့ ခေါင်းဆောင်လိုမျိုးနောက်မှာပဲ နေချင်ပြီး ၊ ကိုယ်ကိုယ်တိုင်လည်း အဲလိုဖြစ်ဖို့ အမြဲ သတိနဲ့နေဖို့ ကြိုးစားနေပါတယ် ။

(၃) အခုခေတ်နဲ့ အရင်ခေတ်.. ခေတ်အဆက်ဆက်ရဲ့လူတွေ ကိုယ်ကျင့်တရားနည်းပါးခြင်း.. ကျမအထင်တော့ အရင်ခေတ်မှာ ဒါမျိုးတွေမရှိတာ ကိုယ်ကျင့်တရားဆိုတာအပြင် ၊ ပတ်ဝန်းကျင်မှာ မလုပ်ကြတာလဲ ပါမယ်ထင်တယ် ။ ဘယ်သူမှမလုပ်တော့ It's a taboo topic and everyone will control themselves to avoid it.

ခုခေတ်ကတော့ ပွင့်လင်းစွာ လက်ခံလာတယ်ဆိုတော့ သိပ်ထိန်းချုပ်မှုမရှိတော့ပဲ ၊ ကိုယ်ကျင့်တရားအရင်တည်းက ပျက်ပြားချင်တဲ့သူတွေတွက် အခွင့်အရေးတွေ ပိုပေးလိုက်သလိုပေါ့ ။

(၄) ဒွေးဟာ လူတော်လား ဘာလားဆိုတာ တကယ်တော့ ကျမတို့လို ပရိတ်သတ် မသိနိုင်ဘူးလို့ ကျမလည်း မြင်ပါတယ် ။ ကျမကတော့ သူ့ သရုပ်ဆောင် အရည်အချင်းတော်တယ်လို့ မြင်တယ်.. ဒီလောက်ပါပဲ ။ လူတွေ သူ့ ကိုတော်တယ်လို့ သတ်မှတ်ချင်ရင် သူ့ ကိုယ်ကျင့်တရားထက် ကျမတို့ သူ့ကို ထိတွေ့ မြင်နေရတဲ့ သရုပ်ဆောင်အရည်အချင်းကိုပဲ သတ်မှတ်သင့်တယ်လို့ မြင်ပါတယ် ။

နောက် ကျမကြားတာ သူ့ ပြာကို လွမ်းစေတီ လုပ်မလို့တဲ့ ။ လူတွေ hype ဆိုတာနောက်ကို စဉ်းစားဆင်ခြင်ဥာဏ်မရှိဘဲ လိုက်ကုန်ကြပြီလို့ ကျမ စိတ်ပျက်စွာတွေးမိတယ် ။

ခင်မင်းဇော် said...

ညီမလေး ဂျစ်တူးရေ
ညီမပြောတာကို အမလက်ခံပါတယ်။ အမကလည်း အဲဒီလို ခွဲခြားမြင်နိုင်တဲ့ သူတွေ ရှိနေတယ်ဆိုတာကို သိစေချင်တာပါပဲ။ လွမ်းစေတီ တည်တဲ့ကိစ္စမှာလည်း အဲလိုပဲယူဆမိတယ်။ ရဟန်းတော်တောင်မှ ရဟန္တယဖြစ်မှန်း မသေချာတဲ့ အတွက် တည်ခွင့်မရှိဘူး။