မေတ္တာဆုံမှတ်

Wednesday, July 15, 2009

သူ့ကို မျှော်လင့်တကြီးနဲ့စောင့်ကြိုခဲ့ရတယ်။
(သားဦးတုန်းက ဖိတ်စင်ခဲ့တာကိုး)

သူရောက်လာတဲ့နောက် ဘ၀ဟာတဆစ်ချိုးပြောင်းလဲ ခဲ့ပြန်တယ်။
သူ့အတွက်ပဲ ဘ၀ဖြစ်လာသလို ထင်ရလောက်အောင် ချစ်ခြင်းမေတ္တာကို ယုံကြည်လာခဲ့တယ်။
သူဟာ ခပ်ငယ်ငယ်လေးကတည်းက သူ့ဘ၀ကို သူ ဖန်တီးတတ်ခဲ့တယ်။
မိခင်နို့နဲ့ ကြီးပြင်းလာရာက တနှစ်သားအလွန်မှာ လုံးဝ နို့မစို့တော့ပဲ ငြင်းဆန်ခဲ့တယ်။
နွားနို့ပူပူထဲ ပေါင်မုန့်စိမ်ထားတာကို သူ့အစားအစာအဖြစ် သူ့ဖာသာသူရွေးချယ်ခဲ့ပြန်တယ်။
လေးဘက်ထောက်မသွားပဲ ထိုင်ရာကနေ ဖင်ရွှေ့သွားတဲ့အဆင့်၊ အဲဒီကနေ လမ်းတန်းလျှောက်ခဲ့တယ်။
သွားပေါက်နောက်ကျတယ်။ ဒါပေမယ့် သူ့သွားတွေကို သူ့ဖာသာ တိုက်တတ်ခဲ့တာ တော်တော်ငယ်ငယ်ကပဲ။ ဘေစင်ကို မမှီလို့ ခုံခုပြီး သွားတိုက်တတ်တဲ့အရွယ်ကတည်းက အိပ်ယာဝင် သွားတိုက်တဲ့အကျင့်ကို သူက နားလည်လိုက်နာတယ်။
ထမင်းကို လက်နဲ့ မစားတတ်ဘူး။ သူများလက်နဲ့ခွံ့ကျွေးရင်လဲ မစားဘူး။ သူ့ဇွန်းနဲ့ ယူစားရင်လဲ မကြိုက်ဘူး။ (အဖေအမေ လဲမရဘူးနော်) ရေခွက်ကိုလဲ သူ့အတွက်သီးသန့်ထားရတယ်။ သူ့ရေခွက်ကို ဘယ်သူမှယူသောက်လို့မရဘူး။
ပန်းရောင် က မိန်းမအရောင်ဆိုပြီး ပန်းရောင်နဲ့ ပတ်သက်တဲ့အသုံးအဆောင် အ၀တ်အစားလုံးဝ မကြိုက်ဘူး။
နောက် ကျောင်းတက်ရမယ့်အရွယ်မှာ သူတက်မယ့် ကျောင်း…… သူ့ဖာသာ သူရွေးချယ်တယ်။
၆ နှစ်သားမှာ သူ့ဖာသာသူ စက်ဘီးအသေးလေးကို ခွစီးရင်းနဲ့ စီးတတ်သွားတယ်။
၇ နှစ်သားမှာ သူ့ကို ကုတင်တလုံး လုပ်ပေးဖို့ တောင်းဆိုတယ်။
၁၀ နှစ်သားမှာ အခန်းတခုပေးဖို့တောင်းဆိုတယ်။ သူနေမယ့်အခန်းကို သူ့ဖာသာရွေးချယ်တယ်။
တဖြည်းဖြည်းသူလုပ်ရမယ့် အရာတွေကို သူ့ဖာသာ ဖန်တီးတာကို သတိထားမိလာတယ်။


သားသား ပိုင်ထူးအံ့
သူများတွေ မွေးနေ့ပွဲလုပ်လို့ လုပ်ချင်သလားမေးရင် အလုပ်ရှုပ်တယ် မလုပ်ချင်ဘူးလို့ ဖြေတတ်တယ်။
သူ့တနှစ်ပြည့်မွေးနေ့ တခါပဲ လုပ်ဖူးတယ်။
သူ့အတွက် သေသေချာချာ ပူဆာဖူးတာက ကွန်ပျူတာတလုံးပဲ။ အဲဒီမှာ VGA ကဒ်ဆိုလား တပ်ပေးဖို့ တောင်းဆိုထားတယ်။
ဝါဆိုလမှာမွေးတာမို့ ၀ါဆိုသင်္ကန်းကို သူ့နာမည်နဲ့ နှစ်တိုင်းကပ်ပေမယ့် ကိုရင်ဝတ်ခိုင်းတာ မရသေးဘူး။ ကိုရင်ဝတ်ရင်ဘာဖြစ်မလဲတဲ့။ ကုသိုလ်ရတာပေါ့ ဆိုတော့ ခုလဲ ကုသိုလ်ရတာတွေ လုပ်နေတာပဲတဲ့။ မ၀တ်ချင်ဘူးတဲ့။
ပန်းချီပြိုင်ပွဲတွေမှာ ဆုရခဲ့ဘူးပေမယ့် ခုတော့ ပန်းချီကို လုံးဝ မဆွဲချင်တော့ဘူးတဲ့။
ကြွားတာကိုလဲ သူက မုန်းတယ်တဲ့။ သားတို့ အခန်းမှာ ကြွားတတ်တဲ့တယောက်ရှိတယ်။ ဘယ်လိုတွေကြွားလဲ ပြောပါဦးဆိုရင် သူက အိမ်ကနေ ကစားစရာတွေ ယူ ယူလာတယ်။ အခွေတွေ ယူယူလာတယ် တဲ့ အဲဒါမကောင်းဘူးတဲ့။ သူ့တို့အရွယ်ချင်း ဒါက ကြွားနေတယ်လို့ သူက ယူဆပြီး ပြန်လာပြောတာလေ။
သူကြိုက်တတ်တဲ့ အစားအစာဆိုရင် ဒါမျိုး ခဏခဏလုပ်ပေးပါလို့ ပြောတတ်သေးတယ်
သူကြိုက်တာတွေက ခ၀ဲသီးကြော်ချက်၊ ၀က်သားလုံးကြော်၊ ကြက်သားကြော်၊ ၀က်သားကြံမဆိုင်၊ ငါးခူကြော်၊ ငါးမြင်းနဲ့ချဉ်ပေါင်ရွက်ဟင်း၊ ပုဇွန်ငါးဆုပ်၊ ငါးပေါင်း၊ ၀က်သားပေါင်း၊ ကင်းမွန်အချိုကြော်ချက်၊ ၁၂ မျိုးဟင်းချို၊ ကန်ပွန်းချဉ်ရွက် ဟင်းချို။ အာလူးကြော်၊ ကန်စွန်းရွက်ကြော်၊ ထမင်းကြော်၊နံပြားပဲပြုတ်၊ ဟမ်ဘာဂါ၊ ပေါက်စီ၊ နွားနို့၊
သူကြီးလာရင် ဘာလုပ်ချင်လဲလို့ မေးတော့ ခဏခဏပြောင်းလဲတဲ့အဖြေတွေက သူလက်ရှိစိတ်ဝင်စားမှုအပေါ် မူတည်နေတတ်တယ်။ ဒါပေမယ့် ဆရာဝန်လုပ်မယ်လို့ တခါမှမပြောဖူးဘူး။ ဗိုက်တွေဘာတွေခွဲရမှာ ကြောက်စရာကြီးတဲ့။
(သူက အသက် ၅နှစ်အရွယ် ငယ်ငယ်ကတည်းက အူအတက်ခွဲစိတ်ထားပြီးသား)
သူ့အဖေကတော့ သူသားကသူလုပ်ရမယ့်အရာကို သူ့ဖာသာရွေးချယ်တတ်တယ်တဲ့။
အချိန်ကျလာရင် သူရွေးချယ်ပါလိမ့်မယ်တဲ့။
ကိုယ့်ကိုမလောဖို့ ပြောတယ်။
ဇူလိုင်လ ၁၆ ရက်နေ့ က သူ့ရဲ့ မွေးနေ့ပေါ့ ။ အသက် ၁၁ နှစ်ပြည့်ခဲ့ပါပြီ။
သူက တခါတလေတော့ ဘာလုပ်ရမယ် တွေဝေတတ်သလိုပဲ။ ကရကဋ် ရာသီဖွားတွေမို့ ထင်ပါရဲ့။ (အဲဒီရာသီဖွားတွေက ဘယ်တော့မဆို လမ်း ၂ လမ်းနဲ့ ရွေးချယ်နေရတတ်တယ်ဆိုလားပဲ။) အဲဒီအခါတော့ သူ ဘာလုပ်သင့်တယ် ဆိုတာ ရွေးချယ်ဖို့ မိဘကို အကူအညီတောင်းတတ်ပါတယ်။
ခုချိန်မှာတော့…. သူလမ်းလွဲမသွားဖို့၊ အချိန်မှီ စောင့်ကြည့်တည့်မတ်ပေးနိုင်ဖို့ ကိုယ်တို့မိဘတွေက အရိပ်တကြည့်ကြည့် ကြည့်နေရတုန်းပဲပေါ့။
(သူ့အကြောင်းတွေ ရေးပါဦးမယ်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Read More...

Posted by ခင်မင်းဇော် at 8:13 PM 18 comments Links to this post  

သမဂ္ဂ စိတ်ဓါတ်နဲ့အတူ

Monday, July 6, 2009

သူမနဲ့ စတင်သိရှိခဲ့တာက ကျမရဲ့ သူငယ်ချင်းတယောက်နဲ့ ပတ်သက်ဆက်နွယ်ခဲ့သည်။ သူငယ်ချင်းကလဲ တော်တော့်ကို ခင်မင်ရတဲ့ လူ။ နောက် နိုင်ငံရေး လုပ်တာချင်းလဲ တူ၊ နိုင်ငံရေးမျိုးရိုးကလဲ ဖြစ်သူမို့ သူတန်ဖိုးထားမိတ်ဆက်ပေးတဲ့ သူမကို မြင်တာနဲ့ ခင်မင်ခဲ့ရသည်။ နေ့ရက်တိုင်း သွားအတူလာအတူ အဲဒီအချိန်တုန်းက ၁၉၉၅ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခါစ ၊ အန်တီ့ခြံရှေ့က တရားပွဲတွေကို တူတူသွားခဲ့ကြသည်။ နောက် မှတ်မိတာ တခုရှိသေးသည်။ သာမညဆရာတော်ဘုရားနဲ့ ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံကို ကူးယူဖြန့်ချီတဲ့ လူတွေဆီကို ကိုယ့်နယ်မှာ ရောင်းဖို့ ဓါတ်ပုံတွေ အများကြီး ကူးဖို့သွားမှာခဲ့ဖူးသည်။ မဟုတ်မခံစိတ်ဓါတ်ရှိသူ၊ သူငယ်ချင်းအပေါ် အနစ်နာ ခံတတ်သူ၊ အားလုံးနဲ့ တူတူ ခံစားချင်စိတ် ရှိသူ။

နောက် အဲဒီအချိန် ကျမက ရန်ကင်းက ဆယ်တန်းကျောင်းသူတယောက်ရဲ့ သိပ္ပံဘာသာတွဲကို ဂိုက်လုပ်ပေးနေချိန်၊ ရန်ကင်းက ည ၈ နာရီခွဲအပြီး အလုံကို ပြန်ရချိန်တိုင်း သူတို့ ၃၃ လမ်းထိပ်မှာ ဆင်းပြီး ကားပြောင်းစီးနေကျ၊ ကျမသူငယ်ချင်းနဲ့ သူက ကားဂိတ်နားက သစ်ပင်အောက်က အုတ်ခုံလေးမှာ ထိုင်ပြီး စောင့်ပေးနေကျ။ ပြောင်းစီးရမယ့် ၃၃ လိုင်း မှာ ယောက်ျားလေးများပြီဆို သူငယ်ချင်းက အဖော်လိုက်ပို့ပေးတာကို သူမက လက်ပြနှုတ်ဆက်ရင်း ကျန်ရစ်ခဲ့မြဲ။

တခါတရံနေ့လည်ဘက်တွေမှာ သူ့အိမ်ကို သွားခေါ်တိုင်း သူ့မောင်လေးက အအေးပုလင်းကို သူတို့အိမ်အောက်က ဆိုင်ကနေ သွားဝယ်လာပြီး တိုက်နေကျ။ နောက် အဲဒီအချိန်တုန်းက ကျမရဲ့ ပီအေနဲ့ ကျမက လက်မထပ်ရသေး။ တခါတရံ ရန်ကုန်ကို ဆင်းလာတဲ့ပီအေလောင်းကို သူမနဲ့ မိတ်ဆက်ပေးဖူးသည်။ နောက် ကျမတို့ လက်ထပ်ပွဲ လုပ်ဖို့ ရန်ကုန်မှာ ရှိနေတဲ့ ကျမက ဖိတ်စာအပ်၊ ဘုန်းကြီးကျောင်းရှာ ဘာညာဘာညာတွေ လုပ်တော့ သူကလဲ တက်ကြွစွာ ကူညီပေးခဲ့သည်။


ကျမတို့ မင်္ဂလာပွဲကို သူငယ်ချင်းနဲ့ သူက တူတူတက်ရောက်အားပေးခဲ့သည်။ အဲဒီတုန်းက ပန်းရောင် ပိုးပြောင်လုံချည်လေးနဲ့ ပန်းရောင် ဇာကို ၀တ်လာပြီး အရပ်မြင့်မြင့်မှာ ဒေါက်ဖိနပ်အမြင့်ကြီးစီးလာတဲ့ သူမကို ကျမပီအေရဲ့ ရဲဘော်သူငယ်ချင်းတွေက မျက်စိ ကျပြီး မေးမြန်း မိတ်ဆက်ကြသည်။ ဟဲ့ မလုပ်ကြနဲ့အဲဒါပိုင်ရှင်ရှိတယ်ဟလို့ တားဆီးခဲ့ရတာ မှတ်မိနေသေးသည်။ ငယ်နုပျိုရွယ်တဲ့သူမရဲ့ အရိပ်ကို ခုထိမမေ့နိုင်သူတွေ ရှိနေဆဲပါ။

၁၉၉၆ ကျောင်းသားဆန္ဒပြပွဲတွေ ဖြစ်တော့ ကျမက ရန်ကုန်ရဲ့ အဝေးမှာ။ ဒါပေမယ့် သူမရဲ့သတင်းတွေ ကြားနေရသည်။ လမ်းဟိုဘက်က ဆန္ဒပြနေတဲ့ကျောင်းသားတွေဆီကို ကူးသွားနေတဲ့ သူ့ကို လှမ်းတားတဲ့ စစ်ဗိုလ်ကို ပါးရိုက်ပစ်တယ် ဆိုတာ။ အဲဒီနောက် သူ့ကို ၀တ္တရားနှောင့်ယှက်မှု၊ ဆူပူရန်လှုံ့ဆော်မှုနဲ့ ဖမ်းတာ၊ နောက် ထောင်ခုနှစ်နှစ်အပေါင်း သုံးနှစ်လား ၊ ခုနှစ်နှစ်အပေါင်း ခုနှစ်နှစ်လား (မမှတ်မိတော့) ချမှတ်ခံရတာ။ အင်းစိန်ထောင်ကနေ သာယာဝတီကို ပြောင်းရတာ စသဖြင့် သူမသတင်းတွေကို အဝေးက နားထောင်နေရတဲ့ ဘ၀ကို ရောက်ခဲ့ရသည်။

ကိုယ်တိုင် ရန်ကုန်ကို ပြန်ရောက်ချိန် သူမအိမ်ကို တခေါက်ရောက်သေးသည်။ သူမကတော့ အဝေးကနယ်ထောင်မှာ။ သူမအိမ်က ထောင်ဝင်စာသွားတွေ့ပြီး ပါလာတဲ့ သတင်းတွေကိုသာ မေးမြန်းသိခွင့်ရခဲ့သည်။ အဲဒီအခေါက်ထောင်ကျတဲ့အထဲ ကျမသူငယ်ချင်းလဲ ပါသွားသည်။

နောက် သူငယ်ချင်းက ရက်မစေ့ပဲ ပြန်လွှတ်တဲ့ အထဲပါလာပြီး ပြန်ထွက်လာသည်။ သူ့ကို အပြေးသတင်းမေးရင် သူမရော ပြန်လွတ်တဲ့အထဲ ပါသလား မေးမြန်းကြည့်တော့ လက်မှတ်ထိုးမထွက်ဘူးတဲ့။ ဘာလက်မှတ်လဲ ဆိုတော့ နောက်မှုဖြစ်ရင် အခု ကျန်ရှိနေတဲ့ပြစ်ဒဏ်ကို ပြန်လည်ကျခံမယ်ဆိုတဲ့ အချက်ကို သူမ လက်မှတ်မထိုးဘူး သိရတော့ သူမကို ပြန်တွေ့ချင်ဇောနဲ့ လက်မှတ်ထိုးလိုက်တာ မဟုတ်ဘူးဟာ လို့ ပြောခဲ့ဖူးသည်။ ဒါပေမယ့် သူမကတော့ ခေါင်းမာမာနဲ့ ထောင်ထဲမှာ နေဆဲ။ သူမနဲ့ ထောင်ထဲမှာ တူတူနေတဲ့ နောက်သူငယ်ချင်းမတယောက် လွတ်လာပြန်ပြီး သွားတွေ့ဖြစ်တော့ သူမအကြောင်းတွေ သတင်းတွေ နားစွင့်မိရပြန်ပြီ။ တကယ့်ကို ပြေလည်တာထက်ပိုသော ချမ်းသာသော မိသားစုက ပေါက်ဖွားလာတဲ့ သူမကတော့ ထောင်ဆိုတာကို မကြောက်မရွံ့ ၊ သူမရဲ့ သတ္တိကတော့ စံတင်လောက်ပါရဲ့။

သူမ ထောင်ကလွတ်ချိန်မှာတော့ ပြန်မဆုံဖြစ်ခဲ့တော့ ကျမက ဒီဖက်ရောက်နေလေပြီ်။ လောကထဲမှာ အရှုပ်တွေလုပ်ရင်း အလုပ်တွေ ရှုပ်ရင်း သူမနဲ့ သူငယ်ချင်းရဲ့ ပြန်မဆုံနိုင် ဇာတ်လမ်းကို ကြားသိရပြီး စိတ်မကောင်းတွေ ဖြစ်ရသည်။ နောက်သူမရဲ့ လက်တွဲဖော်ရွေးချယ်မှုတွေ သိရသည်။ ဒီအသိုင်းအ၀ိုင်းထဲက ဖြစ်ပြီး ကျမက အဲဒီသူမလက်တွဲဖော်ရဲ့ အကိုနဲ့ တော်တော်ခင်မင်တာမို့ သူမရွေးချယ်မှုကို မကန့်ကွတ်မိတော့။

ဒီလိုနဲ့ သူမတို့မင်္ဂလာပွဲ ဆင်နွဲတဲ့ သတင်း.........
နောက်သူတို့ သမီးလေးသတင်း...........၊
နောက် ကိုကိုကြီးတို့ မင်းကိုနိုင်တို့ကို ထိန်းသိမ်းထားတဲ့အချိန်မှာ လက်မှတ်ကောက်ခံတဲ့ သတင်း.....၊
နောက် သူတို့ရဲ့ အဖြူရောင်လှုပ်ရှားမှု သတင်း........၊
နောက် လောင်စာဆီဈေးနှုန်းကျဆင်းဖို့လမ်းလျှောက်တဲ့ သတင်း.........၊
နောက်တော့….သမီးငယ်လေးကို ချန်ထားလို့ သူမကိုယ်တိုင် လမ်းထွက်လျှောက်တဲ့ သတင်းတွေကို မြင်ရ ကြားရ .. တချို့ကို ကိုယ်တိုင် သတင်းတွေ လုပ်ပေးခဲ့ရ… ပုန်းအောင်းနေရတဲ့ သူမဘ၀ကို နားလည်စာနာရင်း မျက်ရည်အကြိမ်ကြိမ်ကျရင်း….........
သူမအတွက်ခံစားရလွန်းလို့ သမီးဖတ်ဖို့စာကို ရေးဖြစ်ခဲ့သေးသည်။
အဲဒီစာကို အင်္ဂလန်က အဖွဲ့တခုက ဘာသာပြန်ပြီး အသံထွက်ဖတ်ရှုပေးတာလဲ အမှတ်တရဖြစ်ရသေးသည်။
ခုတော့ ၆၅ နှစ်ဆိုတဲ့ မတရားတဲ့ ပြစ်ဒဏ်နဲ့ သူမက သူမရဲ့ချစ်သမီးလေး သူမရဲ့လက်တွဲဖော်တို့နဲ့ ဝေးရာတနယ်စီမှာ….။
ပုန်းအောင်နေရစဉ် အချိန်တွေတုန်းက ဒီဖက်ကို ထွက်ခဲ့ပါလို့ အကြိမ်ကြိမ်ခေါ်ခဲ့ဘူးပေမယ့် … ငြင်းဆန်ခဲ့တဲ့ သူမကိုလဲ နားလည်ပေးနိုင်ခဲ့သည်။ သူမရဲ့ သတ္တိ သူမရဲ့ ဇွဲ ကိုတော့ ဘယ်လိုခြိမ်းခြောက်မှုမျိုးတွေကမှ လျော့ပါးသွားစေခြင်းငှာမတတ်နိုင်ပါချေ။

ဘာပဲ ဖြစ်ဖြစ် ကျောင်းသားဆိုတဲ့ သွေးနဲ့ ကျောင်းသားစိတ်ဓါတ်ကို မမှေးမှိန်ရလေအောင် သူမတို့လို လူမျိုးတွေက အရောင်တင်ပေးခဲ့သည်။ စွန့်လွှတ်နိုင်မှုတွေကို ဘယ်လိုရေးပြလို့မှ လိုက်မမှီနိုင်၊
ကျောင်းသားသမဂ္ဂကို ဖြိုဖျက်နိုင်ခဲ့ပေမယ့် ခေတ်အဆက်ဆက် ကျောင်းသားစိတ်ဓါတ် သမဂ္ဂစိတ်ဓါတ်နဲ့ ကျောင်းသားသွေးကိုတော့ ဘယ်လိုအာဏာရှင်မျိုးတွေကမှ မဖြိုဖျက်နိုင် ဆိုတာကို သမိုင်းက သက်သေပြနေလေပြီမဟုတ်ပါလော။

(၈၈ မျိုးဆက်ကျောင်းသားများ ထဲက ချစ်ခင်ရပါသော နီလာသိန်းသို့ အမှတ်တရ ရေးဖွဲ့ပါသည်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Read More...

Posted by ခင်မင်းဇော် at 11:52 PM 15 comments Links to this post  

ဂုဏ်ယူစရာ အိုင်ဒီယာ

Tuesday, June 30, 2009


ဘိုနိုတို့ ယူတူးအဖွဲ့သားတွေ အသုံးပြုမယ့် ဒေါ်အောင်ဆန်းစုကြည့် မျက်နှာဖုံး

ကမ္ဘာကျော် အဆိုတော် ဘိုနိုရဲ့ ယူတူး တေးဂီတအဖွဲ့က သူတို့ဖျော်ဖြေပွဲတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် မျက်နှာဖုံး ပုံ တပ်ဆင်ပေးဖို့။ အထူးသဖြင့် Walk on ဆိုတဲ့ သီချင်းကို ဆိုတဲ့အခါမှာ အဲဒီမျက်နှာဖုံး တပ်ဆင်ကြဖို့၊ ဒေါ်အောင်ဆန်းစုကြည်ကို အားလုံးက မမေ့မလျော့ အားပေးနေတာ ပြသဖို့ နှိုးဆော်တဲ့ သတင်းတွေ ဖတ်ရတဲ့အခါ၊ နောက်သူတို့ သုံးစွဲမယ့် မျက်နှာဖုံးကို တွေ့ရတဲ့အခါမှာ ကျမတို့ ဇွန် ၁၉ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၄)နှစ်မြောက်မှာ ကျရောက်တဲ့ မြန်မာနိုင်ငံအမျိုးသမီးများနေ့တုန်းက နောက်ဆုံးအစီအစဉ်မှာ တပ်ဆင်ခဲ့ကြတဲ့ မျက်နှာဖုံးပုံနဲ့တရောင်တည်း တထပ်တည်း ကျနေတာကို တွေ့ရပါတယ်။ (အောက်ကပို့စ်က နောက်ဆုံးဓါတ်ပုံမှာ ကြည့်ရင်တွေ့နိုင်ပါတယ်။)

အဲဒီတော့.........
ကျမရဲ့ အိုင်ဒီယာ စိတ်ကူးစိတ်သန်းနဲ့ ရွှေဦးဏှောက်၊နောက် အန်တီ့ပုံတွေထဲက မျက်နှာဖုံး လုပ်ဖို့ အသင့်တော်ဆုံးပုံကို ကူညီရွေးချယ်ပေးတဲ့ ဒီဇိုင်နာ ကိုသီဟမောင်မောင်တို့ကို ကိုယ့်ဘလော့မှာ မှတ်တမ်းတင် ဂုဏ်ယူလိုက်ပါတယ်။
အော် ...........
ဘိုနိုနဲ့တောင် အိုင်ဒီယာ တူလိုက်ပါတဲ့ ကိုယ့်ရွှေဦးနှောက် လို့ .... ကိုယ့်ဘာသာ အော်ဟစ်ရင်း
ဝမ်းသာပျော်ရွှင်စွာ ရေးသားလိုက်ရပါကြောင်းးးးးးး။

Rest of your post

Read More...

စိတ်ကူးတည်ရာ မှတ်တမ်း

Friday, June 26, 2009

ခုရက်ပိုင်းမှာ အိမ်မှာ လူ၃ ယောက်ရှိတာ တယောက်တလှည့်ဖျားနေတာရယ်။ မြန်မာနိုင်ငံအမျိုးသမီးများနေ့ ကို ကျင်းပဖို့ လုပ်ရကိုင်ရ ကြိုးစားရနဲ့ရယ်... အလုပ် တော်တော်ရှုပ်သွားခဲ့ပါတယ်။ ဒါနဲ့ စာမရေးဖြစ်သလို ဘလော့လဲ မလည်ဖြစ်ခဲ့ဘူး။ ဘလော့လည်တဲ့အခါလဲ အနောနီးမတ်မရှိတဲ့ ဘလော့တွေမှာ ကောမန့်ပေးဖို့ ပတ်စ်ဝက် ရိုက်ဖို့ ပျင်းတာနဲ့ မပေးဖြစ်ခဲ့ပြန်ဘူး။ ဘလော့ရွာထဲမှာ ခုတလော မရေးနိုင် မဖတ်နိုင် နဲ့ စိတ်တွေလဲ လေးလံထိုင်းမှိုင်းစရာ အခြေအနေတွေက ဖြစ်ပျက်နေတာလဲ ပါတာပေါ့။

ဒီတလလုံးမှာ အန်တီ့အတွက် တရားစီရင်ချက် ချတော့မယ် ချတော့မယ် ဆိုတာလဲ ကြားရဲ့၊ ရုံးချိန်းရက်တွေကလဲ ပြောင်းလဲ ပြီးရင်း ပြောင်းလဲလို့။ ကျမတို့မှာ ဘာမှစိတ်မ၀င်စားနိုင်ဖြစ်ရအောင် လေးလံထိုင်းမှိုင်းရင်း စိတ်ညစ်ညူး နေရပါတယ်။ မတရားတဲ့ စစ်အစိုးရ အကျဉ်းထောင်ထဲမှာ ရောက်ရှိနေတဲ့ အန်တီ့ကို ကျန်းမာပါစေလို့ သာ ဆုတောင်းနေရဦးမှာပါ။ (ကျမက ဆုတောင်းတာကို မလုပ်ချင်ဆုံးပါ)

ကဗျာဆရာ ကိုလွမ်းဏီရဲ့ စိတ်ကူးဖန်တီးချက်ပါ


ဇွန် ၁၉ ရက်နေ့ အခမ်းအနားမှာ အန်တီ့ပုံတူမျက်နှာဖုံးတပ်ဆင်ပြီး ....
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ နိုင်ငံအရေးအကျဉ်းသားအားလုံး ....ချက်ချင်းလွှတ်(၂)
စစ်အာဏာရှင်စနစ် ..... ................................................................................ကျဆုံးပါစေ(၂)
အရေးတော်ပုံ........................................................................................... အောင်ရမည်(၂)
လို့ ကြွေးကြော်ခဲ့ကြပါတယ်။

ထုံးစံအတိုင်းပါပဲလေ မွေးနေ့ရှင်မရှိတဲ့ မွေးနေ့ပွဲတွေ ၊ အဲဒီမွေးနေ့ရှင်ကို လေးစားဂုဏ်ပြုချင်လို့ သူမမွေးနေ့ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ်နိုင်ငံတော်တော်များများမှာ သတ်မှတ် ကျင်းပတာရော သတင်းတွေ ကို ၀မ်းနည်းဝမ်းသာစိတ်နဲ့ ဖတ်ရ ကြည့်ရပါတယ်။

တနေ့နေ့ အန်တီလွတ်လာချိန်ကျရင်တော့ ခုထက်ပိုပြီး ပျော်ရွှင်တက်ကြွဖွယ် မွေးနေ့ပွဲနဲ့ မြန်မာနိုင်ငံအမျိုးသမီးများနေ့ အဖြစ် တခမ်းတနား စည်ကားသိုက်မြိုက်စွာ ကျင်းပချင်ပါတယ်။ နိုင်ငံတကာက ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဆုတွေနဲ့ အတူ မြန်မာပြည်သူတွေက ချီးမြှင့်ထားတဲ့ မြန်မာနိုင်ငံအမျိုးသမီးများနေ့ ကို အန်တီ ပျော်ရွှင် ဂုဏ်ယူစွာ ပါဝင်ဆင်နွှဲစေချင်ပါတယ်။

ပြည်သူအားလုံးအတွက် ဒီမိုကရေစီနိုင်ငံတော်သစ်ကို ရောက်ဖို့ ပေးဆပ်နိုင်သမျှ ပေးဆပ်နေတဲ့ အန်တီ့ရဲ့ ယုံကြည်ချက်အပေါ် သစ္စာရှိမှုကို လေးစားဦးခိုက်ရင်း အန်တီ့စကားတိုင်းကို လိုက်နာနိုင်တဲ့ လူတယောက်ဖြစ်ဖို့ အစွမ်းကုန် ကြိုးစားပါ့မယ်လို့ အဓိဌာန်ပြုပါတယ်။
(ဒီနှစ် မြန်မာနိုင်ငံအမျိုးသမီးများနေ့ ကျင်းပတဲ့ အခမ်းအနားမှာ ကျမတို့ရဲ့ စိတ်ကူးတွေရှိသမျှ အကုန်ချပြနိုင်ဖို့ ပူးပေါင်းကူညီလုပ်ဆောင်ခဲ့တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအားလုံးကို ကျေးဇူးအထူးတင်ကြောင်း မှတ်တမ်းတင်ထားရှိဖို့ ဒီပို့စ်ကို ရေးပါတယ်။)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Read More...

Why do I have to fight???

Monday, June 15, 2009



Why do I have to fight???

They killed my father a year ago,
And they burnt my hut after that
I asked the city men "why me?" they ignored
"I don't know, mind your business," the men said.
One day from elementary school I came home,
Saw my sister was lifeless, lying in blood.

I looked around to ask what happened, if somebody'd known,
Found no one but living room as a flood.
Running away by myself on the village road,
Not knowing where to go but heading for my teacher
Realizing she's the only one who could help to clear my throat,
But this time she gave up, telling me strange things in fear.

Why, teacher, why.. why.. why?
I have no dad nor a sister left.
To teach me and to care for me you said, was that a lie?
This time with tearful eyes she, again, said...
"Be a grown one, young man,
Can't you see we all are dying?
And stop this with your might as soon as you can,
For we all are suffering."
(ဘာကြောင့် တိုက်ဆိုတဲ့ ကဗျာက နော်မေဦးရေးတာလို့ ဆရာဂါမဏိက ပြောပါတယ်။)
ဘာကြောင့်တိုက်

မနှစ်တုန်းက ငါ့အဖေကို သူတို့သတ်ခဲ့
ပြီးတော့ ငါ့တဲကို မီးရှို့
ဘာ့ကြောင့် ငါ့ကိုမှ ဒီလိုလုပ်ရတာလဲ
မြို့ကြီးသားတွေကို မေးလဲ သူတို့လှည့်မကြည့်။
မသိဘူး ၊ကိုယ့်ဟာကိုယ် အေးအေးနေ တဲ့.....။

တနေ့ ငါမူလတန်းကျောင်းက အိမ်ပြန်အလာ
ငါ့အစ်မ အသက်မဲ့သွေးအိုင်ထဲမှာ။
ဘာဖြစ်တာလဲ မေးလိုက်ဖို့ရာ တယောက်ယောက်များ သိလေမလား..
သွေးလွှမ်းတဲ့ အိမ်ခန်းကလွဲပြီး ဘယ်သူမှမတွေ့
ရွာလယ်လမ်းပေါ် ငါတယောက်တည်း လျှောက်ပြေး
ဘယ်သွားရမှန်းမသိပေမယ့် ဆရာမဆီ ခြေဦးလှည့်မိ
ငါ့အသိကို ရှင်းပေးနိုင်တာ သူတယောက်တည်းလို့ နားလည်ထား
သို့သော် ဒီတခါတော့ သူမတတ်နိုင်
အထူးအဆန်းကိစ္စတွေ ကြောက်ရွံ့စွာပြောပြ။

ဘာဖြစ်လို့လဲ ဆရာမရယ် ၊ ဘာဖြစ်လို့လဲ… ဘာ…ဘာဖြစ်လို့လဲ
ငါ့မှာ အဖေလဲမရှိတော့ အစ်မလဲ မရှိတော့။
ဆရာမပြောတော့ ငါ့ကို ကောင်းရာညွှန်လတ် အတတ်သင်စေမယ်ဆိုတာ ညာပြောတာလားဟင်။
ဒီတခါ မျက်ရည်တွေ ကျရင်း ဆရာမ ထပ်ပြော…
ကြီးလာအောင်သာ လုပ်စမ်းပါ သားရယ်၊
တို့အားလုံး အသက်ငင်နေကြတာ မတွေ့ဘူးလား၊ မင်းကြီးလာတာနဲ့ တခါတည်း ဒီဥစ္စာကို အင်နဲ့အားနဲ့ တားပစ်လိုက်၊ ဘာလို့လဲ ဆိုတော့ တို့အားလုံးခံနေရတာမို့...။

( အင်္ဂလိပ်ကဗျာမှ စာရေးဆရာ ဂါမဏိ ဘာသာပြန်ဆိုပါသည်၊)

တိတ်ဆိတ်မြေ

တိတ်ဆိတ်မြေမှာ ဘယ်သူမှ မပြောနိုင်တာက
တယောက်ယောက်ကများ ချောင်းနားထောင်နေမလား
လျို့ဝှက်ချက်တွေ ပြန်ရောင်းနိုင်ဖို့လေ။
သတင်းပေးတွေကို နိုင်ငံ့သွေးနဲ့ တန်ဖိုးသင့်ပေး
ဒီတော့ မင်းဆိုးတို့မကြိုက်တာကို ဘယ်သူမှမပြောရဲ။

မြန်မာနိုင်ငံဆိုတဲ့ တိတ်ဆိတ်မြေမှာလေ
ရယ်မောသံတိတ် အတွေးအမြင်ဆိတ်။
ဟောဒီမြန်မာနိုင်ငံဆိုတဲ့ တိတ်ဆိတ်မြေမှာ
ဆိတ်ငြိမ်နေတဲ့ လူထုကြီးအတွင်းက တိတ်ဆိတ်ခြင်းအသံကိုတောင် ကြားနိုင်။

တိတ်ဆိတ်မြေမှာ ဘယ်သူမှ မပြောနိုင်တာက
စစ်သားတွေ ဘယ်အချိန်လာပြီး
မ သွားမလဲ။
တရုတ်က လမ်းရချင်။ ပြင်သစ်က ရေနံလိုချင်နဲ့
ယိုးဒယားက သစ်ယူ၊ န၀တက ခိုးရာပါပစ္စည်းယူနဲ့...။

တိတ်ဆိတ်မြေမှာလေ..
တိတ်ဆိတ်မြေမှာ ဘယ်သူမှမကြားနိုင်တာက
အသတ်ခံရသူတွေရဲ့ တိတ်သွားတဲ့ အသံ
နောက်ပြီး အကြောက်တရားနဲ့ ပိတ်ဖုံးထားတဲ့အသံ
ဘယ်လိုပင် ဇွတ်အတင်းလုပ်လုပ်။ လွတ်လပ်မှုဆိုတဲ့အသံကို
လူလိမ်လူညာတို့ မတုပနိုင် မှိန်ပျောက်အောင် ဖုံးမပစ်နိုင်ပေါ့။

(In the Quiet land
ကဗျာကို စာရေးဆရာဂါမဏိမှ ဘာသာပြန်ဆိုထားပါသည်)
တိတ်ဆိတ်မြေ ကဗျာကို သင်းအုပ်ဆရာ Wrightson Tongue ကရေးတယ်လို့ ဆရာဂါမဏိက စီဘောက်မှာ လာရေးထားပါတယ်)
ကောမန့်မှာ တယောက်က ဆရာဖေသက်နီ ဘာသာပြန်မကြိုက်ဘူး ပြောခဲ့လို့ ဆရာဂါမဏိ ဘာသာပြန်ကို ထပ်တင်ပေးထားပါတယ်။

Read More...

မြန်မာနိုင်ငံ အမျိုးသမီးများနေ့

Thursday, June 11, 2009

(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပသော မြန်မာနိုင်ငံအမျိုးသမီးများနေ့)

လာမည့် ဇွန်လ ၁၉ ရက်နေ့ဆိုရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခေါင်းဆောင်၊ ပြည်သူလူထုတရပ်လုံးရဲ့ မျှော်လင့်ခြင်းအလင်းတန်း။ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၄ နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။ အဲဒီနေ့ကိုပဲ မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် ၁၉၉၆ ခုနှစ်ကစလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပခဲ့ပါတယ်။ ဘာ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့ အဖြစ်သတ်မှတ် ကျင်းပခဲ့ပါသလဲ ဆိုရရင်တော့ အံ့ချီးမကုန်နိုင်ဖွယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ကျိုးစွန့်လွှတ်အနစ်နာခံမှုတွေကို တန်းစီချရေးပြရမှာပါပဲ။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် ကျင်းပတဲ့အခါမှာ နအဖအနေနဲ့ တော်တော်လေး အထိနာခဲ့ပါတယ်။ အဲဒီနေ့ အတည်ဖြစ်သွားမှာ စိုးရိမ်တဲ့အတွက် သူတို့ကလဲ အားကျမခံ ရက်တရက်ကို သတ်မှတ်လိုက်ပါတယ်၊ ( အဲဒီရက်ကို သိပေမယ့် ပေထက်အက္ခရာ မတင်ချင်လို့ ထည့်မရေးပါဘူး) ဘယ်သူ့မွေးနေ့ ဘာရည်ရွယ်ချက် ရှိတယ်လို့တော့ သတင်းစာထဲ ရေးထားတာ မတွေ့မိပါဘူး။ ဒီလိုပါပဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အမျိုးသမီးလုပ်ငန်းအဖွဲ့) ရှိတော့ သူတို့ကလဲ အားကျမခံ အမျိုးသမီးရေးရာတဲ့။ သူတို့ကမှ နောက်လိုက်အစစ်၊ သူများလုပ်မှ လိုက်လိုက်လုပ်၊ ပြီးတော့ အစိုးရတဲ့။ သူတို့မို့မရှက်။(ဒါတွေက ကြုံလို့ ထည့်ရေးလိုက်တာပါ။ )

ကျမပြောချင်တဲ့ အဓိကအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ပြည်ပမှာ တခမ်းတနား ကျင်းပပေးနေသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တကယ်လေးစားချစ်ခင်လို့ သူမရှိပဲ သူ့အတွက် မွေးနေ့ကျင်းပတာမို့ ဒီ့ထက် ပိုပြီးအဆင့်မြှင့်လို့ သူ့မွေးနေ့ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ်လဲ အသိအမှတ်ပြုပေးစေချင်တာပါ။ ကြီးမြတ်တဲ့ လူပုဂ္ဂိုလ်တွေကို အစွဲပြုပြီး သူတို့လိုစိတ်ဓါတ်၊ သူတို့လို စွမ်းဆောင်ရည်တွေ ဖြစ်ပေါ်လာစေဖို့၊ သူတို့ရဲ့ ၀ိဉာဉ်တွေ ပူးကပ်စေလိုမှုတွေနဲ့ နေ့ထူးနေ့မြတ် သတ်မှတ်ကြတာပဲ မဟုတ်လား။

ကျမတို့ငယ်ငယ်တုန်းက စာကျက်ခဲ့ကြသလိုပေါ့။ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ တိုင်းပြည်အကျိုးသယ်ပိုးမယ့် နိုင်ငံသားကောင်းမျိုးဆက်သစ်တွေ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဗိုလ်ချုပ်မွေးနေ့ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ထားခြင်းဖြစ်ပါသည်။ ……ဆိုခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ဥာဏ်ပညာ ထက်မြက်သော၊ စိတ်ဓါတ်ခိုင်မာတည်ကြည်သော၊ စွန့်လွှတ်စွန့်စားဝံ့သော၊ ရဲရင့်သော မြန်မာအမျိုးသမီးကောင်းများပေါ်ထွက်လာစေရန် ရည်သန်၍သော်၎င်း။ လူကို မတရား ဖမ်းဆီးချုပ်နှောင်ထားနိုင်ပေမယ့် စိတ်ဓါတ်လွတ်လပ်ရှင်သန်နေသော ဒေါ်အောင်ဆန်းစုကြည်ကို အားကျအတုယူပြီး ဒေါ်အောင်ဆန်းစုကြည်လေးများ ပေါ်ထွက်လာစေရန် ရည်သန်၍ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အား မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ကျင်းပသည်မှာ ပထမအကြိမ် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ချိန် ၁၉၉၆ ခုနှစ်မှ စတင်ခဲ့ပါသည်၊ … လို့ တချိန်ကျရင် ကျမတို့နိုင်ငံတော်သစ်ရဲ့ စာသင်ခန်းတွေထဲမှာ မလွဲမသွေစာအံသံတွေ ပေါ်လာစေချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဆိုတာ
ဒီမိုကရေစီခေါင်းဆောင်…..
လူထုခေါင်းဆောင်….
အမျိုးသားခေါင်းဆောင်….
ဒီလိုဝိသေသတွေက လုပ်ယူလို့မရ။ ကိုယ်တိုင်လုပ်မှ ရရှိပါသည်။
စစ်အာဏာရှင်စနစ်ကတော့ သူတို့ရဲ့ ရုပ်သွင်ကို ရှင်းရှင်းလင်းလင်းပြသနေခဲ့သည်မှာ အကြိမ်ပေါင်းများခဲ့ပြီ။သူတို့မှာ ဆွေးနွေးရန် စကားလုံးမရှိ၊ ဖိနှိပ်ရန် လက်နက်သာ ရှိသည်။ ဒုတိယ လွတ်မြောက်ရေး တိုက်ပွဲကား ပြည်သူတဦးချင်းစီရဲ့ ရှေ့ကိုရောက်ရှိနေလေပြီ။ လူတဦးချင်းစီအား စမ်းသပ်နေလေပြီ။ အာဇာနည်အစစ်တွေကို မွေးဖွားပေးရန် အမိမြန်မာပြည်ကြီးက တောင်းဆိုနေပြီ။ မည်သို့ဖြတ်သန်းကြမည်နည်း။ ဒီမိုကရေစီရရှိရန် ကြိုးပမ်းမှုများတွင် လူတိုင်း ပါဝင်ရန်မသေချာ၊ သို့သော် ဒီမိုကရေစီ ရရှိခဲ့လျှင်ဖြင့် လူတိုင်းခံစားနိုင်မှာ အသေအချာပင် မဟုတ်ပါလော……။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Read More...

In The Quiet Land

Tuesday, June 9, 2009


In The Quiet Land
(By Daw Aung San Suu Kyi)

In the Quiet Land , no one can tell
if there's someone who's listening
for secrets they can sell.
The informers are paid in the blood of the land
and no one dares speak what the tyrants won't stand.

In the quiet land of Burma ,
no one laughs and no one thinks out loud.
In the quiet land of Burma ,
you can hear it in the silence of the crowd

In the Quiet Land, no one can say
when the soldiers are coming
to carry them away.
The Chinese want a road; the French want the oil;
the Thais take the timber; and SLORC takes the spoils...

In the Quiet Land ....
In the Quiet Land , no one can hear
what is silenced by murder
and covered up with fear.
But, despite what is forced, freedom's a sound
that liars can't fake and no shouting can drown.

တုံဏှိဘာဝေ နိုင်ငံမှာ

ဒီတုံဏှိဘာဝေနိုင်ငံမှာ
ဒင်းတို့ ရောင်းဝယ်ဖောက်ကားနိုင်တဲ့ လျှို့ဝှက်ချက်တွေကို
တစုံတယောက်က နားထောင်နေတယ်ဆိုတာ ဘယ်သူမှပြောမပြနိုင်ဘူး။
သတင်းပေးတွေကို ဒီနိုင်ငံရဲ့ သွေးတွေပေးချေ။
အာဏာရှင်တွေရဲ့ အားနည်းချက်ကိုတောင် ဘယ်သူမှမပြောရဲကြဘူး။

ဒီတုံဏှိဘာဝေ မြန်မာနိုင်ငံမှာ
ဘယ်သူမှမရယ်မောဝံ့ကြသလို ကျယ်ကျယ်ပြန့်ပြန့်လည်း မတွေးဝံ့ကြဘူး။
ဒီတုံဏှိဘာဝေ မြန်မာနိုင်ငံမှာ
ရယ်မောမှုကို လူအုပ်ကြီးရဲ့ ဆိတ်ငြိမ်မှုထဲမှာ တွေ့မြင်နိုင်ကြပါရဲ့။

ဒီတုံဏှိဘာဝေနိုင်ငံမှာ
သူတို့ခေါ်ဆောင်သွားမယ့် စစ်သားတွေ လာနေတာတောင်
ဘယ်သူတဦးတယောက်ကမျှ ပြောမပြနိုင်ပေဘူး။
တရုတ်တွေက လမ်းကို လိုချင်တယ်၊ ပြင်သစ်တွေကတော့ လောင်စာဆီကို လိုချင်တယ်။
ထိုင်းတွေကတော့ သစ်ကိုယူတယ်။ နအဖကတော့ အမြတ်အစွန်းတွေကို ယူတယ်လေ…

ဒီတုံဏှိဘာဝေနိုင်ငံမှာလေ…
ဟော့ဒီ တုံဏှိဘာဝေနိုင်ငံမှာလေ…
လူသတ်သမားကြောင့် တေမိဇာတ်ခင်းနေရတာ
စိုးရိမ်မှုတွေ ဖုံးလွှမ်းနေတာကို မကြားသိနိုင်ပေဘူး။
ဒါပေမယ့် ဘယ်လိုပဲ အင်အားသုံးသုံး လွတ်လပ်မှုအသံကိုတော့
လူညာတွေ လိမ်လို့မရသလို ဘယ်အသံမျိုးနဲ့မှလည်း မဖုံးလွှမ်းနိုင်ပေဘူး။

အောင်ဆန်းစုကြည်

In the Quiet Land ကဗျာအား ဒေါ်အောင်ဆန်းစုကြည်မှ အင်္ဂလိပ်ဘာသာဖြင့် စပ်ဆိုခဲ့ပြီး ကဗျာဆရာ ဖေသက်နီမှ မြန်မာဘာသာသို့ ပြန်ဆိုထားပါသည်။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Read More...

ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး

Friday, June 5, 2009


(အင်္ဂလိပ်ဘာသာဖြင့် ၁၉၉၁ ခုနှစ်၌ ထုတ်ဝေသော စာအုပ်မှ စာမျက်နှာ ၁၈၀-၁၈၅ ကို မြန်မာပြန်သည်။)

လူတို့အားအဂတိလိုက်စား ဖောက်ပြားစေသည်မှာ အာဏာမဟုတ်၊ စိုးရိမ်ကြောက်ရွံ့ခြင်းပင် ဖြစ်ပါသည်။ အာဏာလက်လွှတ်ရမည်ကို ကြောက်ရွံ့ခြင်းသည် အာဏာ လက်ကိုင်ထားသူတို့အား ဖောက်ပြန်စေသည်။ မြန်မာအများစုသည် အဂတိတရားလေးပါးနှင့် အကျွမ်းတ၀င်ရှိကြပါသည်။ အလိုဆန္ဒကြောင့် ဖောက်ပြန်မှု(ဆန္ဒဂတိ) ဟူသည်မှာ တံစိုးလက်ဆောင်ကို လိုချင်၍၄င်း၊ မိမိချင်ခင်သူများအကျိုးအတွက်၎င်း၊ မှန်ကန်သော လမ်းကြောင်းမှ သွေဖည်သွားခြင်းဖြစ်ပါသည်။ ဒေါသဂတိဆိုသည်မှာ မိမိမုန်းတီးသူများကို ရန်ငြှိုးလုပ်လိုသဖြင့် လမ်းမှားသို့ ရောက်သွားခြင်း ဖြစ်ပါသည်။ မောဟဂတိဆိုသည်မှာ မသိနားမလည်မှုကြောင့် ဖောက်ပြန်သွားခြင်းဖြစ်ပါသည်။ သို့သော်လည်း ဤဂတိလေးပါးထဲတွင် အဆိုးဝါးဆုံးမှာ ဘယာဂတိဖြစ်ဖွယ်ရာ ရှိပါသည်။ အကြောင်းမှာ ကြောက်ရွံ့မှု(ဘယာ) သည် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်သည့် စွမ်းရည်အားလုံးကို နစ်မွန်းအောင်ပြု၍ တဖြည်းဖြည်း ပျက်စီးစေသည့်အပြင် အခြားအဂတိသုံးပါး၏ မူလအရင်းအမြစ်လည်း ဖြစ်တတ်ပါသည်။

လောဘသက်သက်ကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ပါက ဆန္ဒဂတိသည်ချို့တဲ့မည်ကို ကြောက်ရွံ့ခြင်း၊ မိမိချစ်ခင်သူများ၏ မေတ္တာ၊ စေတနာ ဆုံးရှုံးမည်ကို ကြောက်ရွံ့ခြင်း စသည်တို့ကြောင့် ဖြစ်ပေါ်လာနိုင်သကဲ့သို့ မိမိထက်သာသွားမည်ကို ကြောက်ရွံ့ခြင်း၊ အနှိမ်ခံရမည်ကို ကြောက်ရွံ့ခြင်း၊ နစ်နာမည်ကို ကြောက်ရွံ့ခြင်း စသည်တို့ကလည်း ဒေါသဂတိကို ဖြစ်စေပါသည်။ ကြောက်ရွံ့မှုအချုပ်အနှောင်မှ လွတ်ကင်းစွာ အမှန်တရားကို လွတ်လွတ်လပ်လပ် မရှာနိုင်မချင်း မောဟကို ဖယ်ထုတ်ရန် ခက်ခဲမည် ဖြစ်ပါသည်။ ကြောက်ရွံ့မှုနှင့် ဖောက်ပြန်မှုတို့သည် အလွန်နီးကပ်စွာ ဆက်သွယ်နေသဖြင့် နေရာအနှံ့အပြား၌ ကြောက်ရွံ့နေရသော လူ့အဖွဲ့အစည်းတိုင်းတွင် ဖောက်ပြန်မှုမျိုးစုံတို့သည် နက်ရှိုင်းစွာ အခြေစိုက်လာပါသည်။

၁၉၈၈ ခုနှစ် ကျောင်းသားဆန္ဒပြပွဲများမှ စတင်ခဲ့သော မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှု၏ အဓိကအကြောင်းရင်းသည် စီးပွားရေးအခက်အခဲ အကျပ်အတည်းများအပေါ် ပြည်သူလူထုက မကျေနပ်ချက်ပင် ဖြစ်သည်ဟု အများက ယူဆကြပါသည်။ စပ်ဟပ်၍ မရသော လမ်းစဉ်များ၊ မဆီလျော်သော အရေးယူဆောင်ရွက်မှုများ၊ တနေ့တခြား တိုးပွားနေသော ငွေကြေးဖောင်းပွမှု၊ ၀င်ငွေ၏၀ယ်အားကျဆင်းမှု စသည်တို့ နှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့သဖြင့် တပြည်လုံးစီးပွားရေး ကစဥ့်ကလျားဖြစ်နေရသည်မှာ မှန်ကန်ပါသည်။ သို့သော်လည်း ရိုးရာဓလေ့အရ သဘောကောင်းပြီး ဆိတ်ငြိမ်စွာနေတတ်သော ပြည်သူတို့၏ သည်ခံနိုင်မှုတရား ပျက်ပြားသွားရခြင်းမှာ လက်ခံနိုင်လောက်သော လူနေမှုအဆင့်အတန်းကို ရရှိနိုင်ရန်ပင် ခက်ခဲစွာ ရုန်းကန်လှုပ်ရှားရ၍သာ မဟုတ်။ ကြောက်ရွံ့မှု၊ ဖောက်ပြန်မှုတို့ကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေရသည့် ဘ၀၏ ရှက်ဖွယ်ရာ အနေအထားကြောင့်လည်း ဖြစ်ပါသည်။

ကျောင်းသားများသည် ၄င်းတို၏ အပေါင်းအဖော်များ သေဆုံးရသည်ကိုသာ ကန့်ကွတ်ဆန္ဒပြနေသည်မဟုတ်ပဲ ပစ္စုပ္ပန်ဘ၀ကို အဓိပ္ပါယ်ကင်းမဲ့စေပြီး အနာဂတ်အတွက်လည်း မျှော်လင့်ချက်မပေးနိုင်သော အာဏာရှင်စနစ်က ၄င်းတို့၏ အသက်ရှင်သန်ပိုင်ခွင့်ကိုပင် ငြင်းဆန်နေသည်ကို ကန့်ကွတ်နေကြခြင်းပင် ဖြစ်ပါသည်။ ထို့ပြင် ကျောင်းသားတို့၏ ကန့်ကွတ်တောင်းဆိုမှုများသည် ပြည်သူလူထု၏ မချင့်မရဲ မခံချင်စိတ်များကို ပီပီသသ ထုတ်ဖော်ပြောဆိုနေသကဲ့သို့ ဖြစ်လေရာ ဆန္ဒပြပွဲများသည် နိုင်ငံတ၀ှမ်းလျှင်မြန်စွာ ပြန့်နှံ့သွားပါသည်။

ဤလှုပ်ရှားမှုကို စိတ်အထက်သန်ဆုံး ကူညီထောက်ခံကြသူများထဲတွင် စီးပွားရေး လုပ်ငန်းရှင်အချို့လည်း ပါဝင်ပါသည်။ ၄င်းတို့သည် ဖောက်ပြန်သောစနစ်တွင် ရှငန်သန်ရပ်တည်နိုင်ရေးအတွက်သာမက ကြီးပွားချမ်းသာရေးအတွက် လိုအပ်သော ကျွမ်းကျင်မှုနှင့် အဆက်အသွယ် ရရှိထားကြသူများပင် ဖြစ်ပါသည်။ သို့သော်လည်း ၄င်းတို့၏ ကြွယ်ဝချမ်းသာမှုက ၄င်းတို့ကို စစ်မှန်သော လုံခြုံမှုကိုသော်၎င်း၊ ကျေနပ်မှုကိုသော်၎င်း မပေးနိုင်ပါ။ တိုင်းသူပြည်သားအားလုံး ဆင်းရဲချမ်းသာမရွေး ထိုက်ထိုက်တန်တန် အသက်ရှင်သန်လိုသည်ဆိုပါက တာဝန်ရှိသော အုပ်ချုပ်ရေးစနစ် တရပ်ကား အနည်းဆုံး လိုအပ်ချက်ဖြစ်သည်ဟု ၄င်းတို့က မသိပဲမနေနိုင် ဖြစ်လာရပါသည်။ အာဏာရှင်တို့ လက်ခုပ်ထဲမှ ရေကဲ့သို့ မလှုပ်နိုင်မရှားနိုင် စိုးရိမ်ကြောက်ရွံ့နေရသော မလုံခြုံသောဘ၀ကို မြန်မာပြည်သူပြည်သားတို့ ငြီးငွေ့လာကြပါသည်။
လက်ခုပ်ထဲက
ရေဘ၀မို့
ငါတို့အေးမြရသော်လည်း…
လက်ခုပ်ထဲက
ဖန်ကွဲစတွေ
ငါတို့ဖြစ်လိုက်ချင်ပါဘိ..
(မောင်သာယာ၏ တော်လှန်ရေးဆိုတာ မှ)
အသေးငယ်ဆုံးသော ဖန်စကလေးများသည်ပင်လျှင် ၄င်းတို့၏ စူးရှချွန်ထက်ပြောင်လက်သော စွမ်းအင်ဖြင့် ၄င်းတို့အား ချေမှုန်းမည့် လက်တို့အန္တရာယ်မှ ၄င်းတို့ကိုယ် ၄င်းတို့ ကာကွယ်နိုင်စွမ်းရှိခြင်းသည် ဖိနှိက်ချုပ်ချယ်မှုအောက်မှ လွတ်မြောက်ရန် ကြိုးစားနေသူများ၏ အရင်းအနှစ်ဖြစ်သော သူရသတ္တိနှင့် ထင်ရှားသော သင်္ကေတများဖြစ်သည်ဟု ယူဆနိုင်ပါသည်။ မိမိကိုယ်မိမိ တော်လှန်ရေးသမားဟု ယူဆပြီး မြန်မာနိုင်ငံရင်ဆိုင်နေသော ပြဿနာများကို အဖြေရှာရာ၌ မနေမနားကြိုးစားခဲ့သော ဗိုလ်ချုပ်အောင်ဆန်းက သတ္တိ၊ ဗျတ္တိရှိသူများကိုသာ အားမကိုးမူ၍ လူတိုင်းလူတိုင်း မိမိတို့ကိုယ်တိုင် သတ္တိ၊ ဗျတ္တိရှိသော သူရဲကောင်းများဖြစ်အောင် စွန့်စားရပေလိမ့်မည်။ သို့မှသာလျှင် ကျနော်တို့အားလုံး လွတ်လပ်ရေး အစစ် ခံစားခွင့်ရကြပေလိမ့်မည် ဟု ပြောဆိုခဲ့ပါသည်၊ (အလယ်ပစ္စယံ ညီလာခံမိန့်ခွန်း- ၂၀-၁-၄၆)

နေ့စဉ်ဘ၀ရပ်တည်ရေးအတွက် ကြောက်ရွံ့နေကြရသော ပတ်ဝန်းကျင် အခြေအနေတွင် မဖောက်ပြန်ရလေအောင် မည်မျှကြိုးစားအားထုတ်ရသည်ကို တရားဥပဒေအရ အုပ်ချုပ်သော နိုင်ငံများတွင် ကံအားလျော်စွာ နေထိုင်နေရသူများအဖို့ အလွယ်တကူသိမြင်နိုင်မည် မဟုတ်ပါ။ တရားမျှတသော ဥပဒေဟူသည်မှာ အပြစ်ကျူးလွန်သူတို့ကို မျက်နှာမလိုက်ပဲ အပြစ်ဒဏ်ခတ်၍ ဖော်ပြန်မှုကို တားဆီးကာကွယ်ခြင်းသာမဟုတ်ပါ။ ဖောက်ပြန်သော အလေ့အကျင့်များကို အားမကိုးပဲ လူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းထားရန်အတွက် အခြေခံလိုအပ်ချက်များကို ပြည်သူတို့က ဖြည့်ဆည်းပေးနိုင်စေမည့် လူ့အဖွဲ့အစည်းကို တည်ထောင်ရာတွင် တရားမျှတသော ဥပဒေများက အထောက်အကူပြုနေခြင်းပင် ဖြစ်ပါသည်။

ဤသို့တရားမျှတသော ဥပဒေများမရှိသည့် နေရာဒေသများတွင်မူ တရားမျှတမှုနှင့် ဟီရိသြတ္တပ္ပ တရားတို့နှင့် ကိုက်ညီသော ကျင့်စဉ်တို့ကို ခုခံကာကွယ်ရန် တာဝန်သည် သာမန်ပြည်သူတို့အပေါ်တွင် ကျရောက်လာပါသည်။ ပြည်သူတို့၏ အဆက်မပြတ် ကြိုးပမ်းမှုနှင့် တည်ကြည်စွာ ခံနိုင်ရည်ရှိမှုများ၏ စုပေါင်းအကျိုးဆက်များသည် ကြောက်ရွံ့မှုကြောင့် ဆင်ခြင်တုံတရားနှင့် အဆိုးအကောင်း သိတတ်သော စိတ်ဓါတ်တို့ ပျက်ပြားနေရသည့် နိုင်ငံတွင် လူသားတို့၏ ဆိုးသွမ်းသော စရိုက်ကို ထိန်းချုပ်ပြီး ၄င်းတို့၏ တရားမျှတမှုနှင့် ညီညွတ်မှုလိုလားသော စိတ်များကို အားပေးနိုင်မည့် ဥပဒေစည်းမျဉ်းများ စိုးမိုးသော နိုင်ငံအဖြစ်သို့ ပြောင်းလဲနိုင်မည် ဖြစ်ပါသည်။

အတတ်ပညာ အလွန်အမင်း ထွန်းကားသော ခေတ်တွင် တီထွင်ထားသည့် သေစေနိုင်သော လက်နက်များကို အားနည်သူနှင့် အကူအညီမဲ့သူတို့အား လွှမ်းမိုးကြီးစိုးရာတွင် အင်အားကြီးသူ၊ အာဏာ ရှိသူနှင့် တရားလက်ကိုင်မရှိသူတို့က အသုံးပြုနိုင်ကြပါသည်။ ထို့ကြောင့် တိုင်းနိုင်ငံအသီးသီးတွင်၎င်း၊ အပြည်ပြည်ဆိုင်ရာ အဆင့်တွင်၎င်း ၊ နိုင်ငံရေးနှင့် ကိုယ်ကျင့်တရားကို ပိုမိုနီးကပ်စွာ ဆက်စပ်ထားရန် အလွန်ပင် လိုအပ်နေပါသည်။ ဘာသာအယူဝါဒမရွေး၊ လူမျိုးမရွေး၊ နိုင်ငံမရွေး လူသားအားလုံး ရပိုင်ခွင့်ရှိသော အခြေခံ လွတ်လပ်မှုများနှင့် အခွင့်အရေးများကို မြှင့်တင်ရန် လူတိုင်း ၊ အဖွဲ့အစည်းတိုင်း ကြိုးပမ်းအားထုတ်သင့်သည်ဟု ကုလသမဂ္ဂ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းတွင် ထုတ်ပြန်ကျေညာထားပါသည်။

သို့သော်လည်း လတ်တလော အကျိုးအမြတ်ကို ရေရှည်သာယာဝပြောရေးနှင်း ငြိမ်းချမ်းရေးတို့ထက် ပို၍ ဦးစားပေးသော ကိုယ်ကျိုးရှာ အုပ်စုများကို အခြေပြု၍၄င်း၊ ပြည်သူလူထုပေးထားသော လုပ်ပိုင်ခွင့်အပေါ်တွင် အခြေမခံပဲ အတင်းအဓမ္မ လုပ်မှုအပေါ်တွင် တည်ဆောက်ထားသော အစိုးရများ ရှိနေသမျှကာလပတ်လုံး လူ့အခွင့်အရေးများကို ကာကွယ် မြှင့်တင်ရန်အတွက် အပြည်ပြည်ဆိုင်ရာက စုပေါင်းအရေးယူ ဆောင်ရွက်ခြင်းဟူသည်မှာ တပိုင်းတစသာ အကောင်အထည်ဖော်နိုင်သော ရည်မှန်းချက်အဆင့်တွင် တည်ရှိနေမည်သာ ဖြစ်ပါသည်။ လူ့မိသားစုဝင်အဖြစ် ရရှိထားသော မိမိနှင့်ခွဲခြား၍မရသော အခွင့်အရေးများကို ကာကွယ်ရာတွင် ဖိနှိပ်ချုပ်ချယ်ခြင်း ခံနေကြရသူများက မိမိတို့ကိုယ်မိမိတို့ အားကိုး၍ ရုန်းကန်ကြိုးပမ်းနေရသည့် နေရာဒေသများမှာမူ ဆက်လက်တည်ရှိနေမည် ဖြစ်ပါသည်။

အစစ်မှန်ဆုံးသော တော်လှန်ရေးဟူသည်မှာ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးလမ်းကြောင်းကို ပုံဖော်သည့် စိတ်သဘောထားများနှင့် တန်ဖိုးထားမှုများကို ပြောင်းလဲရန် လိုအပ်နေပြီဟူသော အသိမှ ပေါက်ဖွားလာသော စိတ်ဓါတ်တော်လှန်ရေးပင် ဖြစ်ပါသည်။ ရုပ်ပိုင်းအခြေအနေများ တိုးတက်ကောင်းမွန်လာစေရန် ရှေ့ရှု၍ အစိုးရလမ်းစဉ်များနှင့် ရှိပြီးသား လုပ်ရိုးလုပ်စဉ် ဥပဒေများကိုသာ ပြောင်းလဲရန် ရည်ရွယ်သော တော်လှန်ရေးသည် စစ်မှန်သော အောင်မြင်မှုကို ရယူနိုင်မည်မဟုတ်ပါ။ စိတ်ဓါတ်တော်လှန်ရေး မဆင်နွှဲပါက စနစ်ဟောင်းတွင် မမျှတမှုများကို ဖြစ်ပေါ်စေသည့် အင်အားစုများ ဆက်လက်လှုပ်ရှားနေမည်ဖြစ်၍ ပြုပြင်ရေးနှင့် ကိုယ်ကျင့်တရားပြန်လည်ရှင်သန်ရေးဖြစ်စဉ်ကို အမြဲတမ်း အန္တရာယ်ပေးနေမည် ဖြစ်ပါသည်။ လွတ်လပ်မှု၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့ကို တောင်းဆိုနေရုံဖြင့် မလုံလောက်ပါ၊ ဆန္ဒဂတိ၊ ဒေါသဂတိ၊ မောဟဂတိ၊ ဘယာဂတိ တို့ကို တွန်းလှန်ရန် ထာဝရတည်ရှိသော အမှန်တရားအတွက် အနစ်နာခံရန်၎င်း၊ ခိုင်မြဲသော ဇွဲလုံ့လဖြင့် တိုက်ပွဲဝင်ရန်၎င်း အားလုံး တညီတညွတ် ပြတ်သားစွာ သန္နိဌာန်ချကြရမည် ဖြစ်ပါသည်။

သူတော်စင်၊ သူတော်ကောင်း ဟူသည်မှာ အပြစ်ကျူးလွန်မှုများ ရှိခဲ့သော်လည်း မကောင်းမှုအကုသိုလ်ကို ရှောင်ကျဉ်ရန် ကြိုးပမ်းရာ၌ ဇွဲ လုံ့လ မလျှော့သူများ ဖြစ်သည်ဟု အဆိုရှိပါသည်။ ထိုနည်းတူပင် လွတ်လပ်သူဆိုသည်မှာလည်း လွတ်လပ်သော လူ့အဖွဲ့အစည်းကို ထိန်းသိမ်းထားမည့် စည်းကမ်းများကို ကာကွယ်စောင့်ရှောက် ထားနိုင်သော အဖိနှိပ်ခံများပင် ဖြစ်ပါသည်။ ပြည့်ဝ၍ ကျဉ်းကျပ်မှုမရှိသော ဘ၀ကို ရရှိရေးအတွက် လူသားတို့မျှော်လင့်တောင့်တကြသော အခြေခံလွတ်လပ်မှုများတွင် ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ရေးသည် နည်းလမ်းအဖြစ်၎င်း၊ နောက်ဆုံးပန်းတိုင်အဖြစ်၎င်း ထင်ရှားစွာပေါ်လွင်နေပါသည်။ အစိုးရ၏ ခြိမ်းခြောက်မှုမှ လွတ်ကင်းစေရန် အာမခံပေးနိုင်မည့် ဒီမိုကရေစီအဖွဲ့အစည်း ခိုင်မာစွာ အခြေစိုက်ထားသော တိုင်းနိုင်ငံကို တည်ထောင်လိုသူများသည် ၄င်းတို့၏ ကြောက်ရွံ့စိတ်၊ လျစ်လျူရှုစိတ်များမှ လွတ်မြောက်အောင် ပထမဆုံး ကြိုးစားကြရမည် ဖြစ်ပါသည်။

အပြောနှင့်အညီ အစဉ်ပြုလုပ်လေ့ရှိသော အောင်ဆန်းသည် သတ္တိကို အမြဲတမ်း လက်တွေ့ပြသခဲ့ပါသည်။ ကာယသတ္တိကိုသာ မဟုတ်ပဲ အမှန်တရားကို ပြောဆိုရဲခြင်း၊ ပြောသည့်စကားအတိုင်း ရပ်တည်ခြင်း၊ ဝေဖန်မှုကို လက်ခံခြင်း ၊ မိမိ၏ ချွတ်ယွင်းချက်ကို ၀န်ခံခြင်း၊ မိမိ၏ အမှားကို ပြင်နိုင်ခြင်း၊ အတိုက်အခံကို ရိုသေလေးစားခြင်း၊ ရန်သူနှင့်ဆွေးနွေးခြင်း၊ မိမိသည် ခေါင်းဆောင်တဦးဖြစ်သင့် မဖြစ်သင့်ကို ပြည်သူအား ဆုံးဖြတ်ပိုင်ခွင့်ပေးခြင်း စသောစွမ်းရည်သတ္တိများကို လက်တွေ့ပြသခဲ့ပါသည်။ဤသို့သော ကိုယ်ကျင့်တရားဆိုင်ရာ သတ္တိများကြောင့် အောင်ဆန်းအား မြန်မာတပြည်လုံးက အမြဲတမ်း ကြည်ညိုလေးစားချစ်ခင်နေမည်သာ ဖြစ်ပါသည်။ ၄င်းတို့အားသူရဲကောင်း စစ်သည်တော်အဖြစ်နှင့်သာမကပဲ တိုင်းပြည်၏ စိတ်ဓါတ်ကို တက်ကြွသန့်စင်စေသည့် စံနမူနာထားအပ်သူအဖြစ် ချစ်ခင်မြတ်နိုးနေကြခြင်းပင် ဖြစ်ပါသည်။ မဟတ္တမဂန္ဒီနှင့် ပတ်သက်၍ ဂျဝါဟလာနေရူးသုံးသွားသော စကားများကို အောင်ဆန်းအကြောင်း ပြောရာတွင်လည်း သုံးနိုင်ပါသည်။ ၄င်း၏ဆုံးမသြ၀ါဒများ၏ အနှစ်သာရသည် ကြောက်ရွံ့ခြင်းကင်းမဲ့ခြင်းနှင့် အမှန်တရားပင်ဖြစ်၍ ဤစိတ်ဓါတ်များဖြင့် လှုပ်ရှားလုပ်ကိုင်ကာ လူထု၏ သာယာဝပြောရေးကို အမြဲတမ်း ဦးတည်ခြင်းပင် ဖြစ်ပါသည်။

အကြမ်းမဖက်ရေးလမ်းစဉ်ကို ရှေ့ဆောင်ဖြန့်ချီသူ ခေါင်းဆောင်ကြီးဖြစ်သော ဂန္ဒီနှင့် အမျိုးသားစစ်တပ်ကို တည်ထောင်ခဲ့သော အောင်ဆန်းသည် ပင်ကိုယ်သဘာဝအရ ကွာခြားလှပါသည်။ သို့သော် ကာလဒေသမရွေး အာဏာရှင်စနစ်များမှ ပေါ်ထွက်လာသော စိန်ခေါ်မှုများသည် ဆင်တူရိုးမှားရှိသကဲ့သို့ ထိုစိန်ခေါ်မှုကို ပြိုင်ဆိုင်အံတုရန် ထွက်ပေါ်လာသူများ၏ အရည်အသွေးများသည်လည်း တူညီလေ့ရှိပါသည်။ ဂန္ဒီ၏အကြီးမားဆုံးသော အောင်မြင်မှုတရပ်မှာ အိန္ဒိယပြည်သူပြည်သားများတွင် သတ္တိစိတ်သွင်းပေးခြင်း ဖြစ်သည်ဟု ယူဆသော နေရူးသည် နိုင်ငံရေးတွင် ခေတ်သစ်အမြင်ရှိသူ ဖြစ်ပါသည်။ သို့သော်လည်း နှစ်ဆယ်ရာစု လွတ်လပ်ရေးလှုပ်ရှားမှု လိုအပ်ချက်များကို အကဲဖြတ်သောအခါတွင် ရှေးဟောင်းအိန္ဒိယပြည်၏ ဒဿနအတွေးအခေါ်များအထိ ပြန်လည်ရှာဖွေကာ ရေးသားတင်ပြထားသည်ကား လူတဦး သို့မဟုတ် တိုင်းပြည်တပြည်အဖို့ ကြီးကျယ်အမြင့်မြတ်ဆုံးသော ပါရမီသည် အဘယ ခေါ် ကြောက်ရွံ့မှုမရှိခြင်း ဖြစ်၏၊ ကာယသတ္တိသာမဟုတ် စိတ်ထဲမှာပင် ကြောက်ရွံ့မှုကင်းခြင်း ဖြစ်ပါသည်။

ကြောက်ရွံ့စိတ်မရှိခြင်းသည် ပါရမီဖြစ်ဖွယ်ရာ ရှိသော်လည်း ထို့ထက်ပို၍ အဖိုးတန်ဖွယ်ရာရှိသော်လည်း ထိုထက်ပို၍ အဖိုးတန်ဖွယ်ရာ ရှိသော သတ္တိများ ကြိုးပမ်းအားထုတ်ခြင်းဖြင့် ရရှိလာသော သတ္တိ၊ ကြောက်စိတ်ကို လိုက်လျောရသည့်အဖြစ်ကို မရောက်အောင် ပြုစုပျိုးထောင်လေ့ကျင့်၍ ရရှိသော သတ္တိ၊ အကျပ်ကိုင် ဖိနှိပ်နေသည့် ကြားမှ တည်ကြည်သိမ်မွေ့စွာ ရပ်တည်နိုင်ခြင်း၊ ကြမ်းတမ်းခက်ထန်စွာ အဆက်မပြတ် ဖိနှိပ်နေသည့်ကြားထဲမှာ ထပ်ခါတလဲ တည်ကြည်သိမ်မွေ့မှုကို ထိန်းသိမ်းခြင်းဖြင့် ရရှိသော သတ္တိ စသည်တို့ပင် ဖြစ်ပါသည်။

အခြေခံလူ့အခွင့်အရေးများ မရှိဟု ငြင်းပယ်ထားသော စနစ်အောက်တွင် ကြောက်ရွံ့စိတ်သာ နေ့စဉ်နှင့်အမျှ လွှမ်းမိုးနေပါသည်။ ထောင်ကျမည်ကို ကြောက်ရွံ့ခြင်း၊ ညှင်းပန်းနှိပ်စက်မည်ကို ကြောက်ရွံ့ခြင်း၊ သေရမည်ကို ကြောက်ရွံ့ခြင်း၊ မိတ်ဆွေမိသားစု ၊ ဥစ္စာပစ္စည်း သို့မဟုတ် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးမည်ကို ကြောက်ရွံ့ခြင်း၊ ဆင်းရဲမည်ကို ကြောက်ရွံ့ခြင်း၊ အထီးကျန်ဖြစ်မည်ကို ကြောက်ရွံ့ခြင်း၊ ပျက်စီးဆုံးရှုံးမည်ကို ကြောက်ရွံ့ခြင်း စသည်တို့ပင် ဖြစ်ပါသည်။ မွေးရာပါ လူ့ဂုဏ်သိက္ခာနှင့် မိမိကိုယ်မိမိ လေးစားမှုတို့ကို မဆုံးရှုံးရလေအောင် ထိန်းသိမ်းကာကွယ်ရာတွင် အထောက်အကူဖြစ်စေသော သတ္တိပြသည့် နေ့စဉ်လုပ်ရပ်ကလေးများကို အချည်းနှီးပင်ဖြစ်သည် သို့မဟုတ် အရာမရောက်သော လုပ်ရပ်ဖြစ်သည် ၊ အရမ်းကာရော လုပ်သည်၊ မိုက်မဲခြင်းဖြစ်သည် စသည်ဖြင့် ပြစ်တင်ရှုတ်ချကာ မိမိကပင် ဘ၀ပေးအသိဥာဏ် သို့မဟုတ် ပညာဥာဏ်ရှိသကဲ့သို့ ဟန်ဆောင်ခြင်းသည် တိတ်တခိုး အန္တရာယ်ပေးသည့် အဆိုးဝါးဆုံးသော ကြောက်ရွံ့မှုမျိုးပင် ဖြစ်ပါသည်။ အင်အားသည် အမှန်တရားဖြစ်သည်ဟူသော မူဖြင့် ဖိနှိပ်အုပ်ချုပ်သော စနစ်အောက်၏ ပုံသွင်းခြင်းခံရသူများအဖို့ အင်အားကုန်ခမ်းစေသော ကြောက်ရွံ့မှု အဆိပ်ငွေ့မှ လွတ်ကျွတ်အောာင် ရုန်းထွက်ရန်မှာ မလွယ်ကူလှပါ။ သို့သော်လည်း ကြောက်ရွံ့မှုသည် ယဉ်ကျေးသော လူသား၏ သဘာဝမဟုတ်သောကြောင့် အဖိနှိပ်ဆုံးသော အစိုးရယန္တရားအောက်၌ပင် သတ္တိသည် ထပ်ခါတလဲလဲ ထကြွလာပါသည်။

အထိန်းအချုပ်မရှိသော အာဏာကို ရင်ဆိုင်ရာတွင် သတ္တိရှိမှုနှင့် ခံနိုင်ရည်ရှိမှုတိုးအား အမြဲတမ်း ရှင်သန်နေစေသော ရေသောက်မြစ်မှာ ကိုယ်ကျင့်တရားဆိုင်ရာ သဘောတရားများကို အထွတ်အမြတ်ထားသည့်အပေါ်တွင် ခိုင်မာစွာ ယုံကြည်ခြင်းဖြစ်ပြီး မည်မျှပင် ရှုံးနိမ့်မှု၊ ဆုတ်ယုတ်မှုများ ရှိစေကာမူ လူသားသည် နောက်ဆုံးတွင် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှု နှစ်ခုစလုံးကို ရရှိမည်ဟူသော သမိုင်းသဘောကို ယုံကြည်ခြင်းပင်ဖြစ်ပါသည်။ မိမိကိုယ်မိမိ တိုးတက်ကောင်းမွန်အောင် ကြိုးစားဖြင်း၊ မိမိကိုယ် မိမိ မကောင်းမှုမှ လွတ်မြောက်အောင် ကြိုးပမ်းခြင်း စသော စွမ်းရည်တို့သည် လူသားတို့ကို တိရစ္ဆာန်ရိုင်းများနှင့် အထင်အရှားကွဲပြားစေသော အဓိကအချက်ပင် ဖြစ်ပါသည်။

လူ့တာဝန်ဝတ္တရား၏ မူလအရင်းအမြစ်မှာ လုံးဝအပြစ်ကင်းစင်ခြင်းဟူသော သဘောတရားကို နားလည်၍ အပြစ်ကင်းစင်လိုသော စိတ်ဆန္ဒ၊ အပြစ်ကင်းစင်ရန် နည်းလမ်းရှာသော အသိဥာဏ်နှင့် ယင်းနည်းလမ်းအတိုင်း လိုက်နာလိုသော စိတ်ဓါတ်၊ ယင်းနည်းလမ်းကို အဆုံးတိုင် မလိုက်နာနိုင်သည့်တိုင် ကိုယ်ပိုင်ချွတ်ယွင်းချက်အကန့်အသတ်နှင့် ပတ်ဝန်းကျင်အတားအဆီးများကို ကျော်လွန်ရန် လိုအပ်သော အတိုင်းအတာအထိ အနည်းဆုံး ရောက်ရှိအောင် ကြိုးစားလိုခြင်းတို့ပင် ဖြစ်ပါသည်။ ဆင်ခြင်တုံတရား ရှိ၍ ယဉ်ကျေးသောလူသားတို့နှင့် လျော်ကန်သင့်မြတ်သော လူ့လောကကိုလူသားတို့ စိတ်ကူးမျှော်မြင်ကြသည့်အတွက် ကြောက်ရွံ့မှုနှင့် ချို့တဲ့မှုမှ ကင်းလွတ်သော လူ့အဖွဲ့အစည်းများ တည်ထောင်ရန် မကြောက်မရွံ့ အနစ်နာခံ လုပ်ဝံ့ကြခြင်းပင် ဖြစ်ပါသည်။ သစ္စာတရား၊ ဂရုဏာတရားနှင့် တရားမျှတမှုတို့ကို ငြီးငွေ့ဖွယ်ရာ အတွေးအခေါ်ဟောင်းကြီးများဟု ဆိုကာ ပစ်ပယ်၍ မရပါ။ ရက်စက်သော အာဏာစက်ကို တွန်းလှန်ရာတွင် ဤတရားများသည်သာလျှင် အကာအကွယ်ပေးနေလျှက် ရှိတတ်ပါသည်။
(ဒေါ်အောင်ဆန်းစုကြည်)
(ဒီအချိန်မှာ အန်တီစုကိုယ်တိုင်ရေးသားခဲ့တဲ့ ဒီဆောင်းပါးကို လူတိုင်းဖတ်သင့်တယ် လို့ စဉ်းစားမိလို့ ပြန်တင်ပေးလိုက်တာပါ)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Read More...

လွန်ခဲ့တဲ့ ၁၉ နှစ်၊ ဒီနေ့ ဒီအချိန်

Wednesday, May 27, 2009

ဒီနေ့ မေ ၂၇ တဲ့။ လွန်ခဲ့တဲ့ ၁၉ နှစ်ကို သတိရမိတယ်။
လွန်ခဲ့တဲ့ ၁၉ နှစ် ဒီအချိန်က တညလုံး မအိပ်နိုင်အောင် ပျော်ရွှင်ခဲ့ရတယ်။ အဲလို အပျော်တွေ ရဖို့ ၈၈ က ရင်းနှီးထားခဲ့ရတာ မဟုတ်လား။ အဲဒီတုန်းကတော့ ခုလောက် ကြာအောင် ဂတိမတည် လိမ်လည်လိမ့်မယ်လို့ လုံးဝမထင်ခဲ့ဘူး။ ကြုံလဲ မကြုံဖူးဘူးလေ။ နောက်တသက်လုံး ကြားလာခဲ့တဲ့ ၆၂ တို့ ၇၄ ၊ ၇၅၊ ၇၆ တို့တုန်းက ခုလောက်ထိ မအောင်မြင်ခဲ့ဘူးမဟုတ်လား။ ငါတို့တွေ တိုက်တော့ တယ်ဟုတ်ပါလားလို့တောင် အဲဒီအချိန်က ဂုဏ်ယူခဲ့သေးတယ်။

သိပ်မကြာခင်ပဲ ရွေးကောက်ခံအမတ်တွေနဲ့ လွှတ်တော် ခေါ်ပေးတော့မလိုလို ၊ ကိုယ့်ဖာသာပဲ ခေါ်နိုင်တော့မလိုလို နဲ့ ဒင်းတို့ စစ်တန်းလျားအပြန်ကို စောင့်နေခဲ့ရတာလေ။
အစပိုင်းမှာလဲ စစ်တပ်က ဘာလုပ်ရမယ်တောင် မသိခဲ့ဘူးထင်ပါတယ်။ စစ်တပ်နယ်တွေဖြစ်တဲ့ မင်္ဂလာဒုံတို့ မှော်ဘီတို့မှာလဲ ခမောက်က နိုင်ခဲ့တာ ဆိုတော့ သူတို့လဲ ပျာနေတာ ဖြစ်မယ်။

အဲဒီအချိန်တုန်းက ကျမက လူထုရဲ့ ပါဝါကို ယုံကြည်ခဲ့တဲ့ အတွက် ၊ ရွေးကောက်ပွဲ ဂတိတွေကို ယုံကြည်ခဲ့တဲ့အတွက် တကယ့်ကို အားသွန်ခွန်စိုက် လုပ်ခဲ့ပေမယ့် ကိုယ့်နိုင်ငံကို မင်းလုပ်အုပ်ချုပ်ချင်သူတွေက အာဏာရူးတွေ၊ လူလိမ်တွေ ၊ဂတိဆိုတာ မသိတဲ့ တိရိစ္ဆာန်တွေ၊ တိုင်းပြည်ကို ဖျက်ဆီးချင်သူတွေ ဖြစ်နေတာကို နောက်ကျမှသိတော့တယ်။


ဒါက ကြိမ်ချောင်းလေး ဆိုတဲ့ ရွာကို အသွား၊
ဒါက ပုသိမ်မြို့ တဖက်ကမ်းမှာ
လှေဆိပ်က တက်တော့ အဲလို စည်းရုံးရေးဆင်းလာသူတွေကို ကြိုဆိုကြတယ်၊
တရွာနဲ့ တရွာသွားရင်း ထမင်းငတ်ခဲ့တဲ့ အချိန်တွေလဲ ရှိခဲ့တယ်။

အဲဒီတုန်းက ဂျင်းကျောပိုးအိတ်ထဲ ပေါင်မုန့် တထုပ်ထည့်ပြီး နေ့မအား ညမအား( မာရှယ်လော ၁၀ နာရီထိ) တရွာဝင် တရွာထွက်၊ တလမ်းဝင် တလမ်းထွက် ဟောပြောစည်းရုံးမဲဆွယ်ပေါ့၊ မဲကို ဘယ်လိုထည့်ရတယ်၊ ကြက်ခြေခတ်တံဆိပ်တုန်းကို ဘယ်လိုနှိပ်ရမယ်၊ မဲထည့်တဲ့ အခွင့်အရေး ရဖို့ ဘယ်လို ကြိုးစားရင်းနှီးခဲ့ရတယ် ဆိုတာတွေကို ပြောပြကြရတာလေ၊

ကျမက ပုသိမ်အနောက်မြို့နယ် မဲဆန္ဒနယ်မြေ (၂) ကိုယ်စားလှယ်လောင်း ဦးတင်ချော ရဲ့ နယ်မြေက စည်းရုံးရေးမှုး၊ နောက် ပုသိမ်အနောက်မြို့နယ် မဲအောင်နိုင်ရေးကော်မတီရဲ့ ဘဏ္ဍာရေးမှုး၊ (ဧရာဝတီတိုင်း ကျောင်းသားသမဂ္ဂ မှာလည်း ဘဏ္ဍာရေးမှုးပဲလေ၊ ဗကသ မှာကတော့ ကျောင်းသားချည်းပဲ ဆိုတော့ ၀င်ငွေမရှိတော့ ဘဏ္ဍာရေးမှုးကပဲ အားလုံး စိုက်ထုတ်အကုန်ကျခံရတဲ့ အဖြစ်ပါ၊ ဗကသ ဗဟိုက ခု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးတို့ စည်းရုံးရေး ဆင်းလာရင်လဲ အိမ်မှာပဲ စားသောက်ခဲ့ရတယ်၊ ၀ယ်မကျွေးနိုင်ဘူးလေ၊ မိဘအိမ်ကတော့ ခေါ်ကျွေးလိုက်လို့ ရတဲ့နေရာကိုး)

စည်းရုံးရေးခရီးစဉ်တွေက တလစာ ကြိုတင်ပြီး ရက်စွဲ၊ လိုက်ပါမယ့် လူအတိအကျနဲ့ တိုင်းငြိမ်ဝပ် ပိပြားရေးအဖွဲ့ကို တင်ရတာမို့ ခမောက်အဖွဲ့သွားမယ့် ခရီးစဉ်တိုင်းကို တစည ပါတီ စပါးနှံကလဲ လိုက်လံနှောင့်ယှက် အပြိုင်မဲဆွယ်ပေါ့။ သူတို့က သင်္ဘောစင်းလုံးနဲ့ သွားချိန်မှာ ကိုယ်တို့က လှေစီး၊ လမ်းလျှောက်၊ သူတို့က ကားနဲ့ သွားချိန်မှာ ကိုယ်တို့က စက်ဘီးစီးလမ်းလျှောက်၊ တခါတလေ စက်ဘီးက ကိုယ့်ကို ပြန်စီး၊ သူတို့က ရွာတွေမှာ အလှုပေးပြီး လူစု စည်းရုံးချိန်မှာ ကိုယ်တို့က ရွာခံတွေ ကျွေးတဲ့ ထမင်းစားပြီး စည်းရုံးဟောပြော၊ ဒါပေမယ့်လဲ ထောက်ခံမှုကတော့ အပြတ်အသတ်ပါ။(အဲဒီအကြောင်း ဆောင်းပါးလေး တပုဒ်ရေးဖူးတယ်၊ ပြန်ရှာပြီး တင်ပေးပါဦးမယ်)

ဒါပေမယ့် ဘ၀မှာတော့ အဲလိုမဲနိုင်အောင် မဲဆွယ်တာဝန်ယူစည်းရုံးခဲ့ရတဲ့ အချိန်လေးတွေနဲ့ အတူ ကိုယ်ပါဝင်ထမ်းဆောင်ခဲ့ရတဲ့ အတွက် ပြန်တွေးတိုင်းတော့ ၀မ်းသာ ပီတိဖြစ်ရပါတယ်။ လူတယောက်ဟာ သူ့ခေတ်ကြီးက ပေးအပ်တဲ့ တာဝန်ကို နိုင်သလောက် ထမ်းခဲ့တဲ့အပေါ်မှာတော့ ပီတိဖြစ်ရတာ ဂုဏ်ယူရတာဟာ ဘာနဲ့မှ နှိုင်းလို့မရဘူး ထင်ပါတယ်နော်။ လုပ်ဖော်ကိုင်ဘက် ရဲဘော်ရဲဘက်တချို့တွေလဲ ဒီလမ်းပေါ်က လွင့်စင်ကျကြ၊ တချို့လဲ ဖိတ်စင်ခဲ့ရ၊ သူတို့ကိုလဲ သတိတရ ဖြစ်မိတယ်၊

ဒါပေမယ့် ခု လို၁၉ နှစ်ကြာတဲ့ အချိန်မှာတော့ …..သူတို့လိမ်ဆင်ကြီးတွေက ဆက်ရှိနေတုန်း။ အတင်းအဓမ္မ ယူထားတဲ့ အာဏာနဲ့ လုပ်ချင်ရာ လုပ်နေတုန်း။ ခုလဲ ဘာမှ အပြစ်မရှိသူကို လုပ်ကြံ အမှုဆင်၊ တကယ့်တာဝန်ရှိတဲ့ လုံခြုံရေးတွေ ၊ ပြည်ဝင်ခွင့် ပေးလိုက်တဲ့ လူတွေကတော့ ဘာမှတရားစွဲမခံရ။

အော်…. တသက်လုံး ဒီလိုနေရမယ်တော့ မထင်ကြပါနဲ့။ ၀ဋ်ဆိုတာ လည်ကိုလည်ဦးမှာပါ။ အမှန်တရားကလဲ နိုင်ရဦးမှာပါ။ ကိုယ့်အလှည့်ကျရင်သာ……….

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Read More...

ငါတို့အားလုံးရဲ့အမေ

Monday, May 25, 2009

ရဲဝံ့တဲ့ တည်ငြိမ်မှုနဲ့ အတူ ခိုင်ခိုင်မတ်မတ် ခြေလှမ်းတွေ
ဖြောင့်မတ်မှန်ကန်တဲ့ ဦးဆောင်မှုခြေလှမ်းများဖြင့်

ငါတို့အားလုံးရဲ့အမေ
ယမ်းမုန်တိုင်းတွေ
ဝေနေချိန်တုန်းကလေ
အမေဟာနောက်မတွန့်ပါ … ရင်ဆိုင်နေ....
မျှားတစင်းရဲ့ အားမာန်တွေ….
ငါတို့အားလုံးရဲ့အမေ…။

သွေးမုန်တိုင်းတွေ
ထန်နေချိန်တုန်းကလေ
အမေဟာ ရဲဝံ့စွာ...ရင်ဆိုင်နေ ……
သိန်းစွန်ငှက် ၀ိဥာဉ်တွေ….
ငါတို့အားလုံးရဲ့ အမေ… ။

ဗမာပြည်သစ်ရဲ့
ခယောင်းတောလမ်းထက်မှာ
ရဲရင့်စွာ ကျော်ဖြတ်ဆဲ....
ကမ္ဘာမြေတ၀ှမ်းရဲ့ ငြိမ်းချမ်းရေး ပြယုဂ်လေ
ငါတို့အားလုံးရဲ့အမေ…..။

အမေ့ရင်သွေးတွေ ညီညာပေါင်းစုနေ
ရန်သူအားလုံးကို အနိုင်ယူမလေ ….
ကျောင်းသားထု သွေးညီဟေ
မျှော်ရည်အားသစ်စေ....။
(ဒေါ်အောင်ဆန်းစုကြည် အသက် ၄၅ နှစ်မြောက် မွေးနေ့အခမ်းအနား ပုသိမ်ဒီချုပ်ရုံးမှာ ရွတ်ဆိုခဲ့ကြတဲ့ သီချင်းပါ။ သူငယ်ချင်း ဗကသ ကျောင်းသားတယောက်ရေးဖွဲ့ခဲ့ပါတယ်။)
အန်တီ....
ဘာမှ မလုပ်ပေးနိုင်တဲ့ဘ၀မို့ ကြေကွဲဝမ်းနည်းရပါတယ်။
ဒါပေမယ့် အာဏာရှင်ကို ဘယ်တော့မှ အရှုံးမပေးပါဘူး။
အသက်ရှိနေစဉ် ရောက်တဲ့နေရာက အတတ်နိုင်ဆုံး ဆန့်ကျင်နေပါ့မယ်။
အန်တီ ကျန်းမာပါစေ။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Read More...